Home
နိုင်ငံတကာ
ဂါဇာကို အပြီးသိမ်းပိုက်ရန် ရည်ရွယ်ချက်မရှိဟု အစ္စရေးပြော
DVB
·
January 11, 2024
Netanyahu_11012024

အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို အပြီးအပိုင် သိမ်းပိုက်ဖို့နဲ့ အရပ်သားတွေကို ရွှေ့ပြောင်းပစ်ဖို့ ရည်ရွယ်ချက် လုံးဝမရှိဘူးလို့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဇန်နဝါရီ ၁၀ ရက် ရုပ်မြင်သံကြား ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။

အစ္စရေးဟာ ပါလက်စတိုင်းလူထုကို မဟုတ်ဘဲ ဟားမတ်စ် အကြမ်းဖက်သမားတွေကိုသာ တိုက်ခိုက်နေတာဖြစ်ပြီး နိုင်ငံတကာဥပဒေနဲ့အညီ အပြည့်အဝ ဆောင်ရွက်နေတယ်လို့လည်း နေတန်ယာဟုက ပြောပါတယ်။

ဟားမတ်စ်တွေက ပါလက်စတိုင်း အရပ်သားတွေကို လူသားဒိုင်းတွေအဖြစ် အသုံးပြုပြီး သူတို့ရဲ့စစ်ဆင်ရေးကို အမြင့်ဆုံး လုပ်ဆောင်နေချိန်မှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က အရပ်သား ထိခိုက်သေဆုံးမှု အနည်းဆုံးဖြစ်အောင် အစွမ်းကုန် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဟားမတ်စ်က ပါလက်စတိုင်းတွေကို ဂါဇာကနေ ပြောင်းရွှေ့ထွက်ခွာမသွားဖို့ သေနတ်နဲ့ချိန်ပြီး မကြာခဏ ပစ်သတ်ကာ တားဆီးနေချိန်မှာ အစ္စရေးစစ်တပ်က ပါလက်စတိုင်း အရပ်သားတွေကို စစ်ပွဲဇုန်တွေကနေ ထွက်ခွာကြဖို့ လက်ကမ်းစာစောင်တွေဖြန့်ဝေ၊ ဖုန်းခေါ်ဆိုပြီး ဘေးကင်းအောင် လမ်းရှင်းလင်းခဲ့တယ်လို့လည်း ပြောပါတယ်။

အစ္စရေးရဲ့ ရည်မှန်းချက်ဟာ ဂါဇာကမ်းမြောင်ဒေသမှ ဟားမတ်စ် အကြမ်းဖက်သမားတွေကို ဖယ်ရှားပြီး ဓားစာခံတွေကို လွှတ်ပေးဖို့ဖြစ်ပြီး အဲဒီရည်မှန်းချက်ကို အောင်မြင်ပြီးတာနဲ့ ဂါဇာမှာ စစ်ပွဲတွေကင်းမဲ့သွားမှာ ဖြစ်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ် ဖန်တီးပေးနိုင်မှာ ဖြစ်‌တယ်လို့လည်း နေတန်ယာဟုက ပြောပါတယ်။

အမေရိကန်က အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို လျှော့ချဖို့နဲ့ ဝါရှင်တန်က သတ်မှတ်ထားတဲ့ ပုံစံမျိုးကို ပြောင်းလဲဖို့ ဖိအားတွေ ပေးခဲ့ပြီးနောက် အခုသီတင်းပတ်မှာ အစ္စရေးက သူ့တပ်ဖွဲ့ဝင်တွေကို အနည်းဆုံးတော့ ဂါဇာမြောက်ပိုင်းကနေ စတင်ဆုတ်ခွာဖို့ စီစဉ်နေကြောင်း ပြောကြားလာပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့လက အထူးသဖြင့် အစ္စရေးတပ်ဖွဲ့တွေဟာ မြေပြင် ချီတက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့တဲ့ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေဟာ အရင်ကထက် ပိုမိုပြင်းထန်နေပုံရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024