အီကွေဒေါနိုင်ငံနဲ့ ထိစပ်နေတဲ့ ပီရူးမြောက်ပိုင်း နယ်စပ်တလျှောက်မှာ အကြမ်းဖက်မှုတွေ အရှိန်အဟုန် မြင့်လာတာကြောင့် ပီရူးအစိုးရဟာ ဇန်နဝါရီ ၉ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဒါဟာ အိမ်နီးချင်းနိုင်ငံက ရာဇဝတ်ဂိုဏ်းတွေကြောင့်လို့ အပြစ်တင်ထားပါတယ်။
ပီရူးဝန်ကြီးချုပ် အယ်လ်ဘာတို အိုတာရိုလာက အရေးပေါ်ကြေညာချက်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ကူညီပံ့ပိုးဖို့အတွက် အရေအတွက် မသတ်မှတ်ထားတဲ့ စစ်တပ်အင်အားကို တာဝန်ချထားပေးမယ်လို့ ဖော်ပြထားပါတယ်။
နိုဝင်ဘာလကတည်းက ကြေညာထားတဲ့ အရေးပေါ်အခြေအနေကို တွန်းမ်ဘတ်စ်နဲ့ ဖီးရာမြို့တွေမှာ သက်ဝင် အသုံးပြုနေပြီး အခုက မြောက်ပိုင်းနယ်စပ်တလျှောက်လုံးမှာ အရေးပေါ်အခြေအနေ ကြေညာတာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါပေမဲ့ အယ်မဇွန်နာ့စ်၊ ကာဟာမာရ်ကာနဲ့ လိုရေးတို တို့လို တခြားနယ်စပ်ဒေသတွေမှာလည်း အရေးပေါ်အခြေအနေ ကြေညာသွားမယ်လို့ ဆိုပါတယ်။
သမ္မတရဲ့ အမိန့်အရ ပီရူးကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေဟာ စစ်ဆင်ရေးတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ နယ်စပ်တွေကိုလည်း သွားရောက်ကြမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အိမ်နီးချင်း အီကွေဒေါနိုင်ငံတွင်းက ဥပဒေမဲ့လုပ်ရပ်တွေ တိုးမြင့်လာမှုတွေနဲ့ ပတ်သက်လို့လည်း စုံစမ်းစစ်ဆေးနေပြီး ဒီအကြောင်းကြောင့်ပဲ ပီရူး ထောက်လှမ်းရေးအဖွဲ့ဝင်တွေလည်း နယ်စပ်ကို ပြောင်းရွှေ့သွားမယ်လို့ ဆိုပါတယ်။
Source/Photo-Reuters