၂၀၂၄ ခုနှစ်၊ ပထမသီတင်းတပတ်တာ ကာလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူ အယောက် ၅၀ နီးပါး သေဆုံးခဲ့ရပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ND-Burma လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁ ရက်ကနေ ၇ ရက်အထိ နိုင်ငံတဝန်း အာဏာသိမ်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတွေကို ထုတ်ပြန်လိုက်တာဖြစ်ပြီးတော့ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၀ ကျော် သေဆုံးခဲ့ရပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါ တယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ဒေသခံ ၃၀ ကျော်ကိုလည်း စစ်ကောင်စီတပ် တွေက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာတော့ စစ်အာဏာရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာန အမျိုးသမီးဝန်ထမ်းက နိုင်ငံရေး အကျဉ်းသူတွေကို အာဏာပြ ခြိမ်းခြောက်၊ ညှဉ်းပန်းနှိပ်စက်နေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်သားတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အသက်မပြည့်သေးသူ ၃ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် မြေမြုပ်မိုင်းကြောင့် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ND-Burma ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ်က မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၃ နှစ်နီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်သလို ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ တနိုင်ငံလုံး စစ်မီးတောက်လောင်နေပြီး စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းယိုယွင်းနေခဲ့တာပါ။
လတ်တလောမှာတော့ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ သဘာဝဘေး အန္တရာယ်တွေကြောင့် မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သန်းကျော်အထိ ရှိလာနေပြီး အရေးပေါ် အသက်ကယ် အကူအညီတွေ လိုအပ်နေတယ်လို့ UNOCHA က ပြောထားပါတယ်။
Photo: ND-BURMA