ကရင်ပြည်နယ်၊ ကော့ကရိတ် အာရှလမ်းမကြီးဟာ စစ်ကောင်စီရဲ့ အဓိက ဝင်ငွေလမ်းကြောင်းဖြစ်တဲ့အပြင် စစ်ကူမလာနိုင်အောင် ပိတ်ဆို့ဖြတ်တောက်ပြီး တိုက်ခိုက်ရတာဖြစ်လို့ ပြည်သူတွေအနေနဲ့ သည်းခံပေးကြဖို့ KNLA တပ်မဟာ ၆ စစ်ဗျူဟာမှူးက မေတ္တာရပ်ခံထားပါတယ်။
တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနယ်ဒါထူးက “ကော့ကရိတ်ရဲ့ အခြေအနေက ကျနော်တို့ရဲ့ အဓိကရည်မှန်းချက် ဖြတ်သန်းသွားရတဲ့မြို့ဖြစ်နေတာကြောင့် ရိုက်ခတ်မှုရှိတဲ့သဘောဖြစ်တယ်၊ စစ်အာဏာရှင် အုပ်ချုပ်နေသမျှကာလပတ်လုံး ဒီလိုအဖြစ်ဆိုးမျိုးတွေက အမြဲ ကြုံတွေ့နေရမှာဖြစ်လို့ စစ်အာဏာရှင်တွေကို အပြီးတိုင်ချေမှုန်းဖို့ လိုအပ်ပြီး ပြုတ်ကျဖို့ မလိုတော့တဲ့အတွက် ပြိုင်တူဝိုင်းတွန်းကြဖို့နဲ့ ခဏသည်းခံပေးကြဖို့ မေတ္တာရပ်ခံတယ်”လို့ ပြောပါတယ်။
ပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေ အမြန်ဆုံးလွတ်မြောက်အောင် ရဲဘော်တွေ အသက်နဲ့ရင်းပြီး ကြိုးစားနေတယ်။ အချင်းချင်းသွေးကွဲနေရင် တော်လှန်ရေးပန်တိုင်းက နှောင့်နှေးနေမယ်လို့လည်း တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနယ်ဒါထူးက ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်က စတင်ပြီး ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာမှာ တိုက်ပွဲအတွင်း မြို့ခံပြည်သူတွေ သေဆုံးတာတွေ ရှိနေပါတယ်။
ဇန်နဝါရီ ၉ ရက် မနက် ၇ နာရီကျော်လောက်က နှစ်ဖက် ရင်ဆိုင်ထားတဲ့ ကန့်သတ်နယ်မြေအတွင်းကို သွားရောက်ခဲ့တဲ့ စစ်ရှောင်ပြည်သူတစ်ယောက် မြို့တွင်းကို ပစ္စည်းလာပြန်သယ်ယူပြီးအပြန် ကမ်းနားမှာ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီ ၁၀ ရက် မနက် ၁၀ နာရီကျော်လောက်ကလည်း ပြည်သူတစ်ယောက် ချောင်းတောင် ကမ်းနားအနီးမှာ ထပ်မံပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
တိုက်ပွဲရက်ကြာမြင့်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေအနေနဲ့ နေထိုင်စားသောက်ရေး ခက်ခဲလာတဲ့အပြင် လယ်လုပ်ကိုင်သူတွေအနေနဲ့ စပါးရိတ်သိမ်းချိန် အခက်အခဲတွေရှိတယ်လို့ ကော့ကရိတ် မြို့ခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စခက ၁၂ လက်အောက်ခံ ၃၁၃ အမြောက်တပ်နဲ့ တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေကြောင့် မြို့ခံပြည်သူတွေ သေဆုံးတာ၊ နေအိမ်တွေမီးလောင်ပျက်စီးတာတွေလည်း ရှိပါတယ်။
ထိခိုက်သေဆုံးတာနဲ့ မီးလောင်ဆုံးရှုံးတဲ့ အရေအတွက် အတိအကျကိုတော့ မသိရ သေးပါဘူး။ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံ ၁ သိန်းနီးပါးဟာ စစ်ရှောင်စခန်း ၁၀၀ လောက်မှာ ဒီကနေ့အထိ စစ်ရှောင်နေရပါတယ်။
အောင်ခန့်