ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ဖို့ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီ အပြည့်အဝရဖို့အတွက် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်တို့ကို သီးခြားတွေ့ဆုံခဲ့တာလို့ အန်စီအေ အပစ်ရပ်အဖွဲ့တွေ ပါဝင်တဲ့ PPST ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေထဲက ၇ ဖွဲ့ဟာ စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးရာပြည့် ခေါင်းဆောင်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အပြင် အာဆီယံအထူးကိုယ်စားလှယ်နဲ့ပါ နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။
အပစ်ရပ် ၇ ဖွဲ့က ခေါင်းဆောင်တွေဟာ ဇန်နဝါရီ ၉ ရက်မှာ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ အန်စီအေစာချုပ်အရ ဆက်လက် အကောင်အထည်ဖော်ရမယ့်လုပ်ငန်းစဉ်တွေကို ဘယ်လို ဆက်လက်ဆောင်ရွက်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ နိုင်ငံရေး စစ်ရေးအခြေနေတွေကို ဆွေးနွေးခဲ့တာမရှိဘူးလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ နန်းယဉ်ယဉ်စိုး က ဒီဗွီဘီကို ပြောပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကဲအို ကစ်တီကွန်နဲ့လည်း ဇန်နဝါရီ ၁၀ ရက်မှာ တွေ့ဆုံပြီး လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အခက်ခဲတွေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပြင် လူသားချင်းစာနမှု အကူအညီတွေ အပြည့်အဝရရှိရေးကို အန်စီအေ အပစ်ရပ်အဖွဲ့တွေ ဘက်က ဆွေးနွေးခဲ့ပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ကတော့ သူတို့အနေနဲ့ အာဆီယံဘုံသဘောတူညီချက်အပေါ်မှာ ဆက်လက်ရပ်တည် အကောင်အထည်ဖော်သွားမှာဖြစ်ပြီး အရင်တာဝန်ယူခဲ့တဲ့အထူး ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတိုင်ပင်ကာ မြန်မာနိုင်ငံအရေးကို ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အာဆီယံက မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ကို စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလက ဂျာကာတာမှာ ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များအထူးအစည်းအဝေးမှာ ချမှတ်ခဲ့တာဖြစ်ပြီး ခုချိန်အထိ တချက်မှ အကောင်အထည်ဖော်နိုင်တာ မရှိတဲ့အတွက် လက်ရှိ အာဆီယံအလှည်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံက မြန်မာနိုင်ငံအရေး ကိစ္စကို ဆက်လက် ဖြေရှင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံပွဲကို အပစ်ရပ် ၇ ဖွဲ့ဖြစ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) အဖွဲ့တွေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အောင်သူ
Photo-NCA-S EAO