ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၂၇ ရပ်ကွက်၊ ဆရာစံလမ်းမှာ ဖွင့်လှစ်ထားတဲ့ ပင်လုံ ပုဂ္ဂလိကဆေးရုံ ယာယီ အပိတ်ခံလိုက်ရတယ်လို့ ဆေးရုံဝန်ထမ်းထံက သိရပါတယ်။
ပင်လုံဆေးရုံကို ဖေဖော်ဝါရီ နဲ့ မတ် ၂ လ ယာယီပိတ်မှာဖြစ်ပြီး ဆေးရုံရက်ချိန်းလိုချင်သူတွေနဲ့ ကြိုတင်ဘိုကင်တင်ချင်သူတွေအနေနဲ့ ဇန်နဝါရီလကုန်ထိသာ ရရှိမယ်လို့ အဆိုပါဆေးရုံဆီက သိရပါတယ်။
ပင်လုံဆေးရုံကဝန်ထမ်းတဦးက “ကျမတို့ကို ၂ လပိုင်းကနေ ၃ လပိုင်းအထိ အထက်က ယာယီပိတ်ခိုင်းလို့ အဲ့ဒီ ၂ လအတွက် ကြိုတင်ဘိုကင်လုပ်တာတွေ လက်မခံပါဘူး။ ဆေးရုံပြန်ဖွင့်ရင်တော့ ပြန်လည်အသိပေးမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။
အတည်မပြုနိုင်တဲ့ သတင်းတွေအရ ပင်လုံဆေးရုံဟာ စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းခဲ့တာကြောင့် ဇန်နဝါရီလကုန်အထိသာ ဆေးကုသတာနဲ့ ဆေးရုံရက်ချိန်းယူသူ လက်ခံတော့တာလို့ သွားရောက်ဆေးကုသသူတွေက ပြောပါတယ်။
မြောက်ဒဂုံမြို့နယ်မှာနေထိုင်သူတဦးက “ညီမ အမေက ကျောက်ကပ်သွားသွားဆေးနေရတာ။ ဒီလကုန်အထိပဲ လက်ခံမယ်၊ ၂ လပိုင်းမှာ ဆေးချင်ရင်တော့ တခြားနေရာရှာထားပါလို့ ပြောလိုက်တယ်” လို့ ပြောပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် မန္တလေးမြို့မှာလည်း CDM ဆရာဝန်တွေ အလုပ်ခန့်ထားမှု၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဥပဒေ လိုင်စင်စည်းကမ်းတွေကို ဖောက်ဖျက်တာကြောင့် ပုဂ္ဂလိကဆေး ရုံတွေကို ယာယီပိတ်ခိုင်းပြီး လိုင်စင်တွေကို ပယ်ဖျက်ခဲ့ပါသေးတယ်။
မန္တလေးမြို့မှာဆိုရင် စစ်ကောင်စီက ပုဂ္ဂလိကဆေးရုံ ၉ ခုအထိ ပိတ်သိမ်းခဲ့ရာ ဒီနေ့အထိ ပြန်မဖွင့်နိုင်သေးပါဘူး။