စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာမှာ အခြေပြုထားတဲ့ စစ်ကောင်စီနဲ့ ပျုစောထီးစခန်းကို ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့တွေ၊ မြို့နယ်/ ရပ်ကျေးပကဖတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ့တပ်ဖွဲ့ဝင် ၂၅ ယောက် သေဆုံးခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၁ ရက် ဒီကနေ့ ရက်စွဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပြီးတော့ ဒါဟာ အမှတ် (၁) စစ်ဒေသ၊ ကန့်ဘလူခရိုင် ကွပ်ကဲရေး ဦးဆောင်မှုနဲ့ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ကာဘိုင် ၈ လက်၊ G-3 ၁ လက်၊ Shoot Gun ၅ လက်အပါအဝင် ကျည်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကနဦးအသိပေးထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၃ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သလို လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။