ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ဈေးကြီးမှာ ဇန်နဝါရီ ၁၀ ရက်မနက်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျပြီး ဈေးမီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့ဈေးကြီးမှာ ဒီမနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျည်ကျရောက်ပြီးတော့ မီးလောင်နေတာလို့ မင်းပြားမြို့ ခံက ပြောပါတယ်။
"မနက် ၁၀ နာရီလောက်မှာ လက်နက်ကြီး ကျည်ကျပြီးတော့ မီးလောင်မှု ဖြစ်နေတယ်။ အရေအတွက် ဘယ်လောက်ဆိုတာတော့ မသိရသေးဘူး။ အဆိုးဆုံးမဖြစ်ဖို့ မျှော်လင့်တယ်။ လက်နက်ကြီးကလည်း ပစ်နေတုန်းဆိုတော့ ဈေးအခြေအနေလည်း အတိအကျမသိရသေးဘူး။”
မင်းပြားမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၃၈၀)၊ ခမရ (၅၄၁)၊ ခမရ(၃၇၉) တပ်ရင်းတွေကို ရက္ခိုင့်တပ်တော်က ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မင်းပြားမြို့ထဲကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတာကြောင့် ဒဏ်ရာရအရပ်သားတွေလည်း တိုးလာနေတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးကပြောပါတယ်။
"လက်နက်ကြီးက အခုလည်း ပစ်နေဆဲပဲ။ ဈေးကြီးမှာလည်း ကျပြီးတော့ မီးလောင်နေတယ်။ အရပ်သားတွေလည်း ဒဏ်ရာရမှုတိုးလာတယ်။ ဆရာတော် တပါးအပါဝင် အရပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။”
မင်းပြားမြို့မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်မှု ၄ ဦးမနည်း ရှိလာပြီးတော့ လက်ရှိအချိန်အထိ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေ ပစ်ခတ်နေဆဲ ဖြစ်ပါတယ်။
ပြီခဲ့တဲ့ နိုဝင်ဘာလကလည်း ပုဏ္ဏားကျွန်းမြို့ဈေးကြီးကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဈေးတစ်ခုလုံး မီးလောင်ခဲ့ပါတယ်။
မင်းပြားမြို့မှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတွေ ထိခိုက်မှုရှိခဲ့တဲ့အတွက် မြို့ခံအများစုက ဘေးလွတ်ရာကို တိမ်းရှောင်နေကြ ပါတယ်။