မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာအုပ်စု၊ အလယ်ရွာက စစ်ကောင်စီကို ဆန့်ကျင် တော်လှန်နေတဲ့ အန်အယ်လ်ဒီ မြို့နယ်ကော်မတီဝင်တယောက်ကို စစ်ကောင်စီက လူမှုထူးချွန်တံဆိပ် ပေးအပ်တာဟာ မဖြစ်သင့်ဘူးလို့ တပ်ထောက်ခံသူက ပြောပါတယ်။
လူမှုထူးချွန်ပထမအဆင့်ရရှိသူတွေကို စစ်ကောင်စီက ကြေညာရာမှာ အမှတ်စဥ် - ၅၉၇ အန်အယ်လ်ဒီ ပါတီဝင် စောဆန်းဝင်း အမည်ပါရှိခဲ့တာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ လော်ဘီတွေက ဝေဖန်မှုတွေရှိလာတာကြောင့် ဆုကို ပြန်ဖျက်သိမ်းသွားနိုင်တယ်လို့ ပေါင်မြို့နယ်နေ စစ်ကောင်စီထောက်ခံသူတဦးက ပြောပါတယ်။
"PDF တဦးကို လူမှုထူးချွန်တံဆိပ်ပေးတယ်ဆိုတာက ဘယ်လိုမှ မဖြစ်သင့်ဘူးလေ။ ဒါကိုမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တင်ပြခဲ့တာမဟုတ်သလို အထက်ကလည်း စိစစ်ဖို့စေခိုင်းခဲ့တာ မဟုတ်ပါဘူး။ ကြံ့ခိုင်ရေး လက်ထက်တုန်းက သူက မြို့နယ်ကော်မတီဝင်တဦး ဖြစ်သလို အမျိုးသားညီလာခံ ကိုယ်စားလှယ်တယောက်ပေါ့။ အခုဆုရွေးချယ်ရေးအဖွဲ့က ညီလာခံ ကိုယ်စားလှယ်အားလုံးကို ဆုချီးမြှင့်ချင်လို့ သူ့နာမည်ပါလာတာ ဖြစ်မှာပေါ့။”
စောဆန်းဝင်းဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မုတ္တမနယ်မြေရဲစခန်းမှာ အကြမ်းဖက်တိုက် ဖျက်ရေးဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံထားရသလို နေအိမ်လည်းချိပ်ပိတ်ခံထားရသူ ဖြစ်ပါတယ်။
အာဏာရှင်စနစ်ကို ရွံမုန်းလို့ အာဏာရှင်စနစ်အမြစ်ဖြတ်ဖို့ တော်လှန်နေတာဖြစ်ပြီး အခုလို ဆုပေးတာကို ကြိုလည်းမသိသလို သတင်းတက်လာမှ သိရတာလို့ ကိုစောဆန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။
"ကျနော့်အတွက်တော့ စကစရဲ့ မတရား ပြည်သူ့ဆန္ဒကို စော်ကားပြီးအာဏာကို လက်နက်အားကိုးနဲ့ ဓားပြတိုက်ယူပြီး ပြည်သူကို ဖက်ဆစ်ထက်ဆိုးတဲ့ ရက်စက်ယုတ်မာမှုနဲ့ ဖိနှိပ်နေတဲ့ စကစကို ဒီအာဏာရှင်စနစ်ဆိုးကို မြန်မာ့မြေပေါ်ကနေအပြီးတိုင် အမြစ်ဖြတ်ဖို့ တော်လှန်စိတ်ဓာတ်အပြည့်နဲ့ ခိုင်မာစွာ သံန္နိဋ္ဌာန်ချထားပြီးဖြစ်တယ်။ အခု စကစယန္တရား ကမောက်ကမ ဖြစ်နေတဲ့ အခင်းအကျင်းကို လှစ်ပြလိုက်တာ ဖြစ်ပြီးတော့ ကျနော်တို့ ပြည်သူတွေ အားလုံးက နည်းမျိုးစုံနဲ့ ဝိုင်းတွန်းရင် ပြိုလဲတော့မယ်ဆိုတဲ့ အချက်ပေး ခေါင်းလောင်းသံလို့ ပဲယူဆတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်၊ ၇၆ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ကောင်စီက စစ်ဘက်နဲ့ အရပ်ဘက်က ပုဂ္ဂိုလ်တွေကို သက်ဆိုင်ရာ ဆုတွေ ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။