ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးချုပ် ၈ ယောက်အထိ ဆုံးရှုံးခဲ့ရပြီး အခုအချိန်ဟာ တော်လှန်ရေး အင်အားစုတွေအတွက် အချိန်ကောင်းတခု ဖြစ်လာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောလိုက်ပါတယ်။
ဇန်နဝါရီ ၉ ရက်က ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး ဒီအခြေအနေကို လက်လွှတ်မခံဘဲ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ရှေ့ဆက်ကြိုးပမ်းကြရမယ့် နှစ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
“ရန်သူဟာ စိတ်ဓာတ်ရေးရာပိုင်းရော၊ အင်အားပိုင်းမှာပါ ဘယ်လောက်ချည့်နဲ့ နေပြီလဲ ဆိုတာကို ၂၀၂၃ က ပြသနိုင်ခဲ့ပြီမို့ ဒီအခြေအနေကို လက်လွှတ်မခံဘဲ ကျနော်တို့အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ရှေ့ဆက်ကြိုးပမ်းကြရမယ့် နှစ်လည်း ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာပင် အကြမ်းဖက်စစ်ကောင်စီဟာ ဗိုလ်မှူးချုပ် ၈ ဦးအထိ ဆုံးရှုံးခဲ့တာမို့ ဒီလိုအခြေအနေဟာ တခါမှမကြုံဘူးတဲ့အခြေအနေလည်း ဖြစ်နေပါပြီ။ ဇန်နဝါရီလ ၅ ရက်နေ့တုန်းက MNDAA က လောက်ကိုင်မြို့ကို အပြီးသတ် ထိန်းချုပ် လိုက်နိုင်တယ်ဆိုတဲ့ အခြေအနေမျိုးဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ရှိ အနေအထားကို ကောင်းကောင်း မီးမောင်းထိုးပြလိုက်သလိုပဲ ဖြစ်ပါတယ်။”
ဒါ့အပြင် စစ်သားနဲ့ မိသားစု စုစုပေါင်း ၄,၀၀၀ လောက် လက်နက်ချခဲ့ကြတာဟာ သမိုင်းမှာ စစ်တပ်ကနေ တနေရာတည်းမှာ စစ်သားထောင်နဲ့ချီ လက်နက်ချခဲ့တဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်တယ်လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။
“အချိန်ကတော့ တော်လှန်ရေးအင်အားစုတွေအတွက် အချိန်ကောင်းတခုဖြစ်နေပြီဆိုတာ အသေအချာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရက်စက်ယုတ်မာတဲ့ အကြမ်းဖက် စစ်ကောင်စီတွေဟာ တဘက်မှာ စစ်ရှုံးပြီး မြို့တွေစွန့်ရ၊ စခန်းတွေစွန့်ရ ဖြစ်နေတာကို ဘာမှမစွမ်းဆောင်နိုင်တဲ့အခါမှာ အပြစ်မဲ့ပြည်သူကိုပဲ ပစ်မှတ်ထားလာတာမျိုးတွေ့ရလို့ ပြည်သူတွေအတွက် အလွန်ပဲ စိတ်ထိခိုက်ရပါတယ်။”
ဇန်နဝါရီ ၇ ရက်နေ့က စစ်ကိုင်းတိုင်း ကနန်ကျေးရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ပြည်သူ ၁၆ ဦးအထိ သေဆုံးရလို့ ဒါမျိုးဖြစ်စဥ်တွေအတွက် သတိထားကြဖို့နဲ့ တာဝန်ရှိသူတွေ အဆင့်ဆင့်အနေနဲ့ ပြည်သူတွေကို လက်ရှိလုံခြုံရေး၊ စစ်ရေးအခြေအနေတွေကို သေသေချာချာ နားလည်အောင် ရှင်းပြပြီး အမြဲသတိရှိနေဖို့လည်း မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကလည်း ကရင်နီပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေးကို နိုဝင်ဘာ ၁၁ ရက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
Photo- The Kokang