ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ဇန်နဝါရီ ၉ ရက်ညက ဘုရားဖူးယာဉ်တစီး လမ်းဘေးအုတ်ရေကန်ကို ဝင်တိုက်တာကြောင့် ယာဉ်ပေါ်ပါလာသူ ၃ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပလွေးအမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း ၂၃၀/၁ ဖာလုံကြားမှာ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို မှောင်းနှင်လာတဲ့ အံစာတုံးအဖြူရောင်ဘုရားဖူးကားဟာ ဇန်နဝါရီ ၉က် ည ၆ နာရီခွဲလောက်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးအုတ်ရေကန်ကို ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။
ပလွေးအမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်တဦးက “မန္တလေးကနေ ရန်ကုန်ကို မောင်းလာတဲ့ ဘုရားဖူးကား ဘုရားတောင်အပိုင် တပ်ကုန်းမြို့မှာ ကားမှောင်းတဲ့သူ အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းမှာရှိတဲ့ အုတ်ရေကန်ကို ဝင်တိုက်လိုက်တာပါ။ ကားပေါ် ပါလာတဲ့သူတွေထဲက ၃ ဦးသေပြီး ၉ ဦး ဒဏ်ရာရတယ်။ အကုန်လုံးနီးပါက သက်ကြီးပိုင်းတွေပါပဲ။ သေသွားတဲ့ ၃ ယောက်ဆို ၄၀ ကျော်နားတွေပါပဲ" လို့ပြောပါတယ်။။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာသူ ၁၂ ဦးထဲက အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၁ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ပလွေးမီးသတ်ပိုင်လူနာတင်ယာဉ်၊ EM192 အသင်းပိုင်လူနာတင်ယာဉ်၊ လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဉ်တို့နဲ့ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်း ၃၁၆/၂ နဲ့ ၁ ဖာလုံကြားမှာ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ဟိုက်ဂျက်ကားတစီး ဇန်နဝါရီ ၁ ရက်ကလည်း ဘရိတ်ပေါက်ပြီး လမ်းဘေးဘယ်ရီယာတုံးကို ဝင်တိုက်တာကြောင့် ကလေး ၁ ဦးသေပြီး ၉ ဦးဒဏ်ရာရခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှု ၁၃၆ ကြိမ်ဖြ စ်ပွားခဲ့ပြီး ၈၆ ဦး သေဆုံး၊ ၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။