မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၅ ရပ်ကွက်၊ ၁၁၁/၁၁၂ လမ်းကြားနဲ့ ၆၈ လမ်းရှိ လူနေအိမ်မှာ ဇန်နဝါရီ ၁၀ ရက် ဒီနေ့မနက်က မီးလောင်ပြီး လူ ၁ ဦး သေဆုံးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့ မနက်အစောပိုင်း ၁ နာရီ ၁၃ မိနစ်လောက်က နှစ်ထပ်တိုက်ရဲ့ အပေါ်ထပ်ရှိ ရေခဲသေတ္တာ အပူလွန်ကဲရာက စတင်မီးလောင်ခဲ့တာဖြစ်ပြီး အိမ်ရှင်ဖြစ်သူ အသက် ၇၇ နှစ်အရွယ် အမျိုးသား တယောက် မီးခိုးမွှန် သေဆုံးခဲ့ပါတယ်။
မဏီစလအသင်းတာဝန်ရှိသူတဦးက “ နှစ်ထပ်တိုက်ရဲ့ အပေါ်ထပ်မှာ လောင်တာပါ။ သေသွားတဲ့ အလောင်းက ပတ်ဝန်းကျင်က ပြောတာတော့ လေဖြတ်နေတယ်လို့ ပြောတယ်။ တိုက်ခန်းအတွင်းပိုင်း အကုန်လောင်သွားပါတယ်”လို့ ပြောပါတယ်။
မီးလောင်တဲ့နေရာကို မန္တလေးတိုင်းမီးသတ်စခန်း၊ မြို့နယ်နဲ့ နယ်မြေမီးသတ်တွေ စုစုပေါင်း ငြှိမ်းသတ်ခဲ့တာကြောင့် မနက်အစောပိုင်း ၁ နာရီ ၅၈ မိနစ်မှာ မီးငြိမ်းသွားပါတယ်။
မီးလောင်မှုကြောင့် နေအိမ်နဲ့ အတွင်းပစ္စည်းတန်ဖိုး ကျပ် ၃၁ သိန်း ဖိုးလောက် ပျက်စီးဆုံးရှုံးသွားပြီး သေဆုံး ရုပ်အလောင်းကို ရွာဘုံလူမှုကူညီရေးအသင်းယာဉ်နဲ့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။