ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီထောင်ကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ကို ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးကာ ထပ်မံအမှုဖွင့်ပြီး ထောင်ပြန်ချခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ တရားလွှတ်တော်ရှေ့နေတွေက ပြောပါတယ်။
သာယာဝတီမြို့နယ် အန်အယ်လ်ဒီပါတီ အမတ် ဦးအောင်မြင့်ဟာ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ပေးတဲ့ စာရင်းထဲမှာပါပေမဲ့ ပြန်လည်ဖမ်းဆီးခံရပြီး ရဲစခန်းမှာ ချုပ်နှောင်ကာ ဇန်နဝါရီ ၉ ရက်မှာတော့ မတရားသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ အမှုထပ်ဖွင့်ခဲ့တာလို့ ဆိုပါတယ်။
အကျဉ်းထောင်နဲ့ နီးစပ်တဲ့ဒေသခံ တရားလွှတ်တော်ရှေ့နေတဦးက ''မနေ့ ညနေကပဲ ဆရာ ဦးအောင်မြင့်ကို သာယာဝတီထောင်ကို ပြန်ပို့လိုက်ပြီလို့ သိရတယ်။ ဦးအောင်မြင့်ကို ဇန်နဝါရီ ၄ ရက် ထောင်က ထုတ်ပြီးကတည်းက သာယာဝတီရဲစခန်းမှာ ပြန်ချုပ်ထားတာ။ မိသားစုနဲ့ တွေ့ခွင့်မပေးဘူး။ စစ်ကောင်စီက အကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတာဟာ ဟန်ပြသက်သက်ဆိုတာ ထူးထူးထွေထွေ ပြောနေဖို့ မလိုပါဘူး” လို့ ပြောပါတယ်။
ဦးအောင်မြင့်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ သဘာဝဘေးဥပဒေ ပုဒ်မ-၂၅ နဲ့ ဖမ်းပြီး သာယာဝတီထောင်တွင်းတရားရုံးက ထောင် ၂ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ လွတ်ရက်စေ့ပေမဲ့ နေအိမ်ပြန်ခွင့်မရဘဲ သာယာဝတီထောင်တွင်း တရားရုံးက ပုဒ်မ- ၅၀၅ -ကနဲ့ ထပ်တိုးတရားစွဲပြီး နိုဝင်ဘာ ၁၂ ရက်မှာ ထောင် ၁ နှစ်ခွဲ ချခဲ့တာ ဖြစ်ပါတယ်။
ဦးအောင်မြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်နဲ့ အရန်ဗဟိုအလုပ် အမှုဆောင် ဖြစ်ပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ သာယာဝတီမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂ ကြိမ်တိုင် အနိုင်ရခဲ့သူ ဖြစ်ပါတယ်။