မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဘားနဒ်ကျေးရွာမှာ ရာသီဥတုအေးပြီး ရေခဲလေ့ရှိတာကြောင့် ဇန်နဝါရီ ပထမပတ်က စတင်ကာ လာရောက်လည်ပတ်သူတွေ များပြားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဘားနဒ်ကျေးရွာက နှစ်စဥ်နှစ်တိုင်း ရေခဲတာကြောင့် လာရောက်လည်ပတ်သူများပြီး မြို့တွင်းဒေသခံတွေ တရက်ကို ရာနဲ့ချီပြီးလာရောက် လည်ပတ်ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒေသခံ တဦးက "လာလည်တဲ့သူကများတယ်။ အပြည့်ပဲ။ စျေးနေ့ဆိုရင် ပိုစည်တယ်။ ရေကလည်း ၄ ဒီဂရီ စင်တီဂရိတ်လောက်ဆို ခဲပြီ။ မြို့တွင်းက လူတွေပဲ လာလည်တာ များတယ်။ ခရီးသွားတွေတော့ နည်းသွားတယ် "လို့ ဆိုပါတယ်။
သွားရောက်လည်ပတ်ခဲ့သူ တဦးက "သွားတဲ့သူတွေ အများကြီးပဲ။ မနက် အဲဒီကို ရေခဲအမီ ကြည့်ရဖို့ မနက် ၃ ခွဲလောက်က စပြီး သွားရတယ်။ အရမ်းအေးတယ်။ မနက် ၅ ခွဲ လောက် အဲဒီကို ရောက်ရင် ရေခဲသေးတယ်။ နေမလာမချင်း ခဲသေးတယ် "လို့ ပြောပါတယ်။
ဘားနဒ်ကျေးရွာမှာ ဇန်နဝါရီ ၁ ရက်လောက်ကစတင်ပြီး လာရောက်လည်ပတ်သူတွေ ရှိခဲ့တာဖြစ်ပြီး စျေးနေ့တွေမှာ ပိုပြီး လူစည်ကားတယ်လို့ သိရပါတယ်။