Home
ဆောင်းပါး
မြန်မာ့ နှမြောတသဖွယ် အဆိုတော်ကြီး ဂန္ထဝင် ဒေါ်မာမာအေး
DVB
·
January 10, 2024
Article_10012024

ဂန္ထဝင်ကျော်၊ အဆိုတော်ကြီး

ဒေါ် မာမာအေး၊ နှမြောသေး ၏

သူ့ တေးချိုများ၊ ပြည်သူ့ ကြားဝယ်

ထင်ရှား နေမြဲ၊ လွင့်ပျံ ဆဲတွင်

မမြဲ အနိစ္စ၊ သူကြုံ ရပေ

ချမ်းမြ ရာသီ၊ နှင်းစီစီမှာ

လွမ်းသည်အားလုံး ကြိမ်မီးအုံးတကား။   ။

သက်တော်ရှည် ဂန္ထဝင် မြန်မာအဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်တယ် ဆိုတာကို ဖေ့စ်ဘွတ်ခ်ကနေ တွေ့ရမြင်ရ ဖတ်ကြရပါတယ်။ သိကြရတယ်ပေါ့။ သူ ကွယ်လွန်ပြီလို့ သိရှိ ခံစားလိုက်ရချိန်မှာ သူ့သီဆိုခဲ့တဲ့ ဒီသီချင်းလေးတစကိုပဲ ကြားလိုက်ရသလို ခံစားမိရဲ့။

“သံဃာတော်တွေ သွေးမြေကျရပြီတဲ့..

တစာစာ ဟစ်ကြွေးကြသံများ ...

မကြားချင်ပေါင် ပူလောင်ခံစား…

ပင်လယ် ဖြစ်သွား.. မျက်ရည်များ …….”

စသည်ဖြင့် အစချီ သီချင်းနဲ့ မြန်မာ့ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့သူ အနုပညာရှင်ကြီးကတော့ မြန်မာ့ ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာ‌အေးပဲ ဖြစ်ပါတယ်။

မြောင်းမြသူ နှဲဆရာ အဆိုတော်သမီး မာမာအေး

မြန်မာပြည်တွင်းမှာ အသံကျယ်ကျယ် မဖွင့်ရဲကြရှာလို့ အသံတိုးတိုးနဲ့ ခိုးပြီး နားထောင်ခဲ့ရတဲ့ ရွှေဝါရောင် သံဃာ့တော်လှန်ရေးကြီးရဲ့ “အသဲနာ ကမ္ဘာမကြေ” သီချင်းကို မေ့နိုင်ကြလိမ့်ဦးမယ်လို့ မထင်ပါဘူး။ မြန်မာ့နွေဦးတော်လှန်ရေးအတွက်လည်း လက်သုံးချောင်းထောင်ကာ ဂျန်နရေးရှင်းဇက် (GZ) ကလေးတွေရှေ့ မားမားမတ်မတ် ရပ်တည်ပေးခဲ့ပါသော တေးသံရှင်ကြီး ဆိုရင်လည်း မမှားပါဘူး။

ဒေါ်မာမာအေးကို မြန်မာသက္ကရာဇ် ၁၃ဝ၄ ခုနှစ် ဒုတိယဝါဆိုလ (၂၆ ဇူလိုင်လ ၁၉၄၂ ခုနှစ်) မြောင်းမြမြို့ ရှမ်းကုန်းပိုင်းမှာ ဖွားမြင်ပါတယ်။ ဖခင် နှဲဆရာ ဦးအေး၊ မိခင် ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း) တို့ဖြစ်ပြီး အမည်ရင်း မအေးမြင့် ပါ။ အသက် ၃ နှစ်ကျော်ကစ “ခေတ်သစ်ရာဇဝင် ပြဇာတ်အဖွဲ့” မှာ သီချင်းဆို၊ ပြဇာတ်ကခဲ့တယ်။ အသက် ၈ နှစ်က စတင် အသံလွှင့်ခဲ့တယ်လို့ မှတ်သားရပါတယ်။

အဆိုတော် သန်းသန်းမြင့် အမည်နဲ့ “စန္ဒရား မြမြအေး အပျော်တမ်းတူရိယာအဖွဲ့”၊ မြင့်မြင့်အေး အမည်နဲ့ “ပွင့်ဦး တေးသံ အပျော်တမ်း တူရိယာအဖွဲ့”၊ “မြင့်သီရိ အပျော်တမ်းတူရိယာအဖွဲ့”၊ “ချိုတေးရှင် တူရိယာအဖွဲ့”၊ မာမာအေး အမည်နဲ့ “ရဲသီဟ အပျော်တမ်းတူရိယာအဖွဲ့”၊ “စစ်ရဲ ဂီတ တူရိယာအဖွဲ့”၊ “ကေသီပန် တူရိယာအဖွဲ့”၊ “ဂီတ မာလာ သီချင်းကြီး တူရိယာအဖွဲ့”၊ “စောင်း ဦးခင်မြင့် သီချင်းကြီး တူရိယာအဖွဲ့”၊ “မန္တလေး စန္ဒရား ဦးအုန်းမောင် သီချင်းကြီး တူရိယာ အဖွဲ့” တို့မှာ ပါဝင် ဖျော်ဖြေခဲ့ပါတယ်။

၁၉၅၅ ခုနှစ်မှာ “သက်တန့်ပေါ်မှာ ကစားမယ်” သီချင်းနဲ့ နိုင်ငံသိ အဆိုတော် ဖြစ်လာပါတယ်။ ၁၉၅၆၊ ၅၇၊ ၅၈ ခုနှစ်တွေမှာ ကျောင်းပေါင်းစုံ ကဗျာရွတ်ပြိုင်ပွဲတိုင်း အလယ်တန်း ပထမဆု ၃ နှစ်ဆက်တိုက် ရရှိလို့ တံခွန်စိုက်ဆု အပ်နှင်းတာ ခံခဲ့ရပါတယ်။

ဒီကာလတွေမှာပဲ “လေးမာ” ကလောင်အမည်နဲ့ ကဗျာစာညွန့်၊ သီချင်းတွေလည်း ရေးခဲ့ပါသေးတယ်။

၁၉၆၁ က စတင်လို့ မြန်မာ့အသံမှာ အစီအစဉ် လက်ထောက်ထုတ်လွှင့်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ခေတ်ပေါ်တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်ပြီး ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်လည်း ဖြစ်ပါတယ်။

“မြခြူသံ”၊ “သူ့ကိုမှ ချစ်သည်”၊ “မန်ဒါလီ” စတဲ့ ရုပ်ရှင်ကားတွေရဲ့ မင်းသမီး သရုပ်ဆောင်လည်း ဖြစ်ခဲ့ပါတယ်။ ကက်ဆက်ခွေဇာတ်လမ်းတွေမှာလည်း အသံသရုပ်ဆောင် မင်းသမီးအဖြစ် နာမည်ကျော် ဘီအီးဒီအောင်သိုက် စတဲ့ ပြဇာတ်မင်းသားတွေနဲ့အတူ သရုပ်ဆောင်ခဲ့ပါသေးတယ်။

“ရှေး ကုသိုလ်” ကြောင့် ဖြစ်လေမလား၊ “သံသရာစွဲ........ဆွဲဆန့်လို့

ဘယ်လောက်ပင် ရှည်ရှည်.. ချစ်သူ့ရင်ခွင်ကြား . ... နားနားနေနေ . .”

ဆိုတဲ့ စွဲစွဲငင်ငင် အသံလေးနဲ့ မြန်မာပြည်သူတွေအသည်းကို ကိုင်လှုပ်ခဲ့တဲ့ မေ့နိုင်ဖွယ်မရှိတဲ့ လူထုချစ်တဲ့ အနုပညာရှင်ကလည်း ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေးပင် ဖြစ်ပါတယ်။

သူဟာ အမေရိကန်ပြည်ထောင်စု စံတော်ချိန်အရ ဇန်နဝါရီလ ၈ ရက် မနက် ၅ နာရီ ၅၈ မိနစ်မှာ ဘဝတပါး ကူးပြောင်းသွားခဲ့ပါပြီ။ ၁၉၄၂ ခုနှစ်ဖွား အမေ ဒေါ်မာမာအေးရဲ့ ဘဝခရီးဟာ ၄၂ နဲ့ စခဲ့တဲ့ ၂၄ မှာများ တမင် အဆုံးသတ်ခဲ့လေသလား။ ဒီတခါ “နှင်းပျောက်တဲ့ နွေဦး” ရောက်လို့ မကြာမီ အောင်မြင်တော့မယ့် မြန်မာ့နွေဦးတော်လှန်ရေးကို မြင်သွားလှည့်ပါလား ဂန္ထဝင် မိခင်ကြီးရယ်။

“လဝန်းလေးနဲ့တူတယ် မေ့ကိုလားကွယ်.......အသဲထဲ စွဲနေပါသတဲ့ . . သူညာတယ်”

ဆိုတဲ့ သူ့ခေတ် သူ့အရွယ် အချစ်သီချင်းတွေကလည်း စူးနစ်ကြည်နူးဖွယ် ရင်ထဲ တလှပ်လှပ်ပါပဲ။

“မင်း ပေးတဲ့ ရက်စက်ခြင်းတွေ....

မင်းထားခဲ့တဲ့ အမုန်းတရားတွေ.....”

နဲ့အတူ ခုခေတ်အခါကာလ ခက်ခဲကြမ်းတမ်း ရုန်းကန်လှုပ်ရှား လွမ်းမောတမ်းတနေသူတွေ အဖို့ သူ့ အချစ်သီချင်းတွေဟာလည်း ဘာကြားကြား ခံစားစူးနစ်မြဲပါ။ “မောင့်အချစ်မြားစူး” နေသလို တောင်တွေထပ်ထပ် တောအထပ်ထပ် ခြေရာချင်းထပ်လို့ လိုရာရအောင် ကြိုးစားနေရင်းလည်း လွမ်းဆွတ်တမ်းတနေရဆဲပါပဲ။

“ကျမကိုလေ အရူးလိုထင်ကြ...

ဟားတိုက်လို့ ရယ်လိုက်ချင်သည်....

မခံစားဘူးတော့ ကိုယ်ချင်းမစာသည်…”

“ဘယ်သူတွေရူးသလဲ ခွဲခြားသိပါရစေ”

ဆိုသကဲ့သို့ ရူးတယ်ပဲ စွပ်စွဲပါစေ သေမှခင်တယ်လို့ပဲ ဆိုကြပါတော့။ ဒီတရက်တော့ စူးနစ်ခံစားပါရစေ။

“မေ့အဖြစ်နဲ့ မေသာ ရှိပါစေတော့ မောင်ရယ်”

စတဲ့ စတဲ့ ဒေါ်မာမာအေးရဲ့ ဘယ်သီချင်းကိုပဲ ကြားလိုက်ရ ကြားလိုက်ရ ရင်ထဲမှာ ထိမိ ခံစားနေရဆဲပါပဲ။ ကျမတို့အနေနဲ့ “မသိလို့ မိုးချုပ်ခဲ့ရ” သလို “မသိလို့ မိုးလင်း” ကြရဦးမှာပါ။ မြန်မာ့ဂီတလောကရဲ့ ဂန္ထဝင်တေးသံရှင်ကြီး ဒေါ်မာမာအေးဟာ အမေရိကန်ပြည်ထောင်စု၊ ဖို့တ်ဝိန်းမှာရှိတဲ့ သူ့နေအိမ်မှာ ကွယ်လွန်သွားချိန်ထိ မြန်မာပြည်အနာဂတ်ကို လှမ်းမျှော်လေသလား။ “တေဘုမ္မာ ဓမ္မသံဝေဂတေး” သီဆိုခဲ့သူအဖို့ “မဂ္ဂါဆေးနဲ့ ကုရမှာ.... လက္ခဏာအရေးလည်း ရှုကြပါ....” ဆိုသကဲ့သို့ လောကအနှစ် ဓမ္မစစ်မှာ ပျော်မွေ့ခဲ့ပြီဖြစ်လို့ ကောင်းရာရောက်ရှိ ခံစားရမယ်ဆိုတာ အသေအချာ မျှော်လင့်ယုံကြည်မိပါတယ်။ “ရှိခြင်း မရှိ‌‌သောနေရာ” ဆက်လက်ရှာမှီးနိုင်စေဖို့ ဆုတောင်းမေတ္တာ ကုသိုလ်ထပ်တူ ဝေမျှလိုက်ပါတယ်။

ဒေါ်မာမာအေးဟာ ရွှေဝါရောင်တော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေးမှာ နိုင်ရာဘက်က ပါဝင်ခဲ့တဲ့ ဂုဏ်ယူဖွယ် အနုပညာရှင်တယောက်အဖြစ် အမြဲဂုဏ်ယူသတိရနေကြမှာပါ။ စာဖွဲ့လို့ မကုန်နိုင်သော မြန်မာ့ စံပြ ဂီတမိခင်ကြီးအဖြစ် လေးမြတ်စွာ ဂုဏ်ပြုပါရစေ။ ကွယ်လွန်ချိန် အသက် ၈၂ နှစ် အသက်တာအရွယ်အထိ သူ့ကိုချစ်တဲ့ ပရိသတ်အတွက် နိုင်ငံရေးခံယူချက်မှာ စံပြ ဖြစ်ခဲ့ရပါတယ်။

“ဘဝသံသရာ.... ရှည်လျား ထွေပြား

မနေမနား တသွားသွားတည်းသွားကြတာ..... ........

ခရီးပန်းတိုင် မရောက်မချင်း တယောက်ဆင်း

တယောက်တက် ဆက်လက် ထွက်ခွာလာ....”

ဆိုသကဲ့သို့ အမေ ဒေါ်မာမာအေး လိုချင်ဆန္ဒရှိသော မြန်မာဒီမိုကရေစီ မာရသွန်ခရီးစဉ်ကို အောင်မြင်ရောက်ရှိသည်အထိ ကျမတို့ နောက်မျိုးဆက်သစ်များက လက်ဆင့်ကမ်း ဆက်လက်ထမ်းရွက်ကြပါမယ်လို့ သန္နိဋ္ဌာန်ချ ဆန္ဒပြုလိုက်ရပါတယ်။ ။

သန့်ကေသာ (CDM ကျောင်းဆရာမ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024