Home
ဆောင်းပါး
ကိုးကန့်အိပ်မက်
DVB
·
January 10, 2024
Article 2_10012024

၂၀၀၄ ခုနှစ် ကိုးကန့်ဒေသ ဘိန်းစိုက်ပျိုးရေးရပ်တော့ ကျေးရွာတွေ စားစရာမရှိလို့ သစ်ခေါက်ခွာစားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီအတွက် World Food Program အစီအစဉ်နဲ့ စားစရာ ဆန်ရိက္ခာ ထောက်ပံ့ရတဲ့ အစီအစဉ်မှာ ပါဝင်ကူညီ ဆောင်ရွက်ဖူးပါတယ်။ အဲ့တုန်းကတည်းက ကိုးကန့်ဒေသ စားနပ်ရိက္ခာဖူလုံရေးဆိုတဲ့ အိပ်မက် မက်ခဲ့ဖူးပါတယ်။

ကိုးကန့်ဒေသဟာ တောင်တန်းဒေသဖြစ်တဲ့အတွက် လက်ဖက်နဲ့ ရွှေ့ပြောင်းတောင်ယာ စပါး၊ ပြောင်း စိုက်ပျိုးတာကလွဲလို့ မိမိဒေသအတွင်း ရိက္ခာဖူလုံအောင် စိုက်ပျိုးထုတ်လုပ်နိုင်စွမ်း မရှိပါ။ ကျေးလက်လူငယ်အများစုဟာလည်း လောက်ကိုင်လို မြို့ကြီးပြကြီးသွား အလုပ်လုပ်ဖို့လောက်သာ စိတ်ဝင်စားတဲ့အတွက် ကျေးရွာတွေမှာ စိုက်ပျိုးရေးလုပ်ငန်းက မဖွံ့ဖြိုးပါ။ ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတချို့နဲ့ အိမ်ထောင်ရှင်မတွေကပဲ နိုင်သလောက်လုပ်ရတဲ့ အခြေအနေမျိုးပါ။ ကိုးကန့်လက်ဖက်ဟာ အရည်အသွေးကောင်းပေမဲ့ ဘိန်းကုန်ကူးတာနဲ့ ရောနှောလုပ်ကိုင်မှာ ကြောက်တဲ့အတွက် အဲ့ဒီအချိန်က ပြည်မဘက်ကို တင်ပို့ဖို့ ပိတ်ပင်ခံရပါတယ်။ လက်ဖက်လုပ်ငန်းကို ပြန်လည်ဖွံ့ဖြိုးအောင်လုပ်မယ် ဆိုပြန်ရင်လည်း Labor intensive ဖြစ်တာမို့ ကျေးလက် စိုက်ပျိုးရေးလုပ်သား ရှားပါးမှု ပြဿနာကြောင့် တိုးတက်ဖို့ ခက်ပါလိမ့်မယ်။ တနယ်ရပ်ကျေးက လက်ဖက်ခူးသမားတွေ လက်ခံရင်တော့ ရွှေ့ပြောင်းလုပ်သားပြဿနာ ရှိလာပြန်ပါတယ်။ ရှိပင်ရှိငြားသော်လည်း ကိုးကန့်ဒေသဖွံ့ဖြိုးဖို့ လက်ဖက်ဟာ မဖြစ်မနေ အလေးထားဆောင်ရွက်ရမယ့် စိုက်ပျိုးရေးလုပ်ငန်းတခု ဖြစ်တယ်လို့ ရှုမြင်ပါတယ်။

ကိုးကန့်ဒေသမှာ Buckwheat ပန်းဂျူံစိုက်ပျိုးဖို့ နဝတစစ်အစိုးရလက်ထက်မှာ ဂျပန်အကူအညီနဲ့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါ။ ထွက်ရှိတဲ့ ပန်းဂျုံက ဂျပန်ခေါက်ဆွဲလုပ်ဖို့ အဆင်ပြေပေမဲ့ Quality control လုပ်ဖို့ အအေးခန်းကွန်တိန်နာကားတွေနဲ့ ပြည်ပပို့နိုင်ဖို့ သယ်ယူရမှာမို့ ကုန်ကျစရိတ် အလွန်များပြီး ဂျပန်က ဝယ်စျေးထက် ကိုးကန့်မှာ ထုတ်တဲ့စျေးက ပိုများလို့နေပါတယ်။ နောက်ပိုင်း အကူအညီပေးတဲ့ဂျပန်ကို အရှုံးခံ ပို့ပေးနေတာ ရပ်လိုက်ပြီး ပြည်တွင်းလုပ်ငန်းရှင်တယောက်နဲ့ ပူးပေါင်းကာ ပန်းဂျုံဘီစကွတ် ပြည်တွင်းမှာ ထုတ်လုပ်ဖြန့်ချိတာ တွေ့ရပေမဲ့  စီးပွားရေး တွက်ခြေကိုက်ပုံ မရပါဘူး။ ဒါကြောင့် ကိုးကန့်ဒေသမှာ ပန်းဂျုံစိုက်ပြီး တောင်သူဝင်ငွေတိုးရေးဆိုတာက သိပ်မရေရာတဲ့ လုပ်ငန်းတခု ဖြစ်လို့နေပါတယ်။ ရွာတွေမှာ ဝက်မွေးတာရှိပေမဲ့ တောင်ပေါ်ဝက်ပိညှက်တွေ တနိုင်တပိုင် မွေးတာဖြစ်ပြီး အသားတိုးဝက်မွေးဖို့ အခြေအနေမပေးပါ။

တောင်စောင်းမြေသားထူပြီး ရေထွက်အဆင်ပြေရင်တော့ လှေခါးထစ်စိုက်ပျိုးရေး လုပ်နိုင်ပါတယ်။ ဝမ်းစာဖူလုံရေး ဒေသခံတွေလည်း စိတ်ဝင်စားကြလို့ လှေခါးထစ် ဖော်ထုတ်ရေး ရေမြောင်းဖောက်လုပ်တာ တောင်ပေါ်စိမ့်စမ်းတွေ ထိန်းသိမ်းတဲ့လုပ်ငန်းတွေ အစိုးရက ငွေကြေးအကုန်အကျခံပြီး လုပ်ရင်တော့ ဖြစ်နိုင်စရာတော့ ရှိပါတယ်။

ဒီတော့ ကိုးကန့်ကိုအုပ်ချုပ်တဲ့ အစိုးရ ဘယ်ကပိုက်ဆံရလို့ ဘယ်လို ကျေးလက်စိုက်ပျိုးရေးကို ပံ့ပိုးမလဲလို့ မေးစရာရှိပါတယ်။ ကိုးကန့်ဒေသဟာ စီးပွားဖြစ်ထုတ်လောက်တဲ့ သတ္တုသယံဇာတ မရှိပါဘူး။ အလားတူ သစ်တောတွေလည်း ပြောင်သလင်းခါနေပါပြီ။ ဒါကြောင့် သဘာဝသယံဇာတကနေ အခွန်ဘဏ္ဍာရစရာ မရှိပါဘူး။ ဒါကြောင့်မို့လည်း နည်းနည်းရင်းပြီး များများရတဲ့ ဘိန်းစိုက်ပျိုးရေးကသာလျှင် တွက်ခြေအကိုက်ဆုံး ဖြစ်ပါတယ်။ ဒီတော့ ဘိန်းစိုက်ပျိုးရေးလုပ်ငန်းဟာ ကိုးကန့်ဒေသမှာ ပြန်လည် တခေတ်ပြန်ထလာမလားလို့ တွေးစရာရှိပါတယ်။ လောက်ကိုင်အဝင် ပြန့်ပြူးတဲ့နေရာတွေမှာတော့ တဖက် တရုတ်နိုင်ငံက လုပ်ငန်းရှင်တွေ လုပ်ကိုင်တဲ့ Contract farming ကြံစိုက်ပျိုးရေးလုပ်ငန်း တချို့တော့ ဆက်ရှိနေမယ် ထင်ပါတယ်။

စိုက်ပျိုးရေးလည်း မဖွံ့ဖြိုး၊ သဘာဝသယံဇာတလည်း မရှိလို့ ကိုးကန့်ဟာ လောင်းကစားအခြေပြု ခရီးသွားလုပ်ငန်း တိုးချဲ့ရေးကို အတိတ်ကာလက အားပေးလုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်း ဒီလုပ်ငန်းတွေဟာ အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးခဝါချတဲ့ လုပ်ငန်းတွေသာမက ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်တဲ့အထိ ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။ ခုအခါ ဒီကျားဖြန့်လုပ်ငန်းကို တရုတ်နိုင်ငံက အလေးထား နှိပ်ကွပ်လာတာမို့ ကိုးကန့် လောက်ကိုင်ဒေသဟာ တဖန်ပြန်ပြီး ကာစီနို လောင်းကစားလုပ်ငန်းတွေ ပြန်လည်စည်ကားအောင်လုပ်ပြီး ငွေပြန်ရှာဖို့ဆိုတာ အချိန်အတော်ကြာကြာအထိ ခက်ခဲနေဦးမယ် ထင်ပါတယ်။ ဒီလိုဖြစ်နေရင်တော့ ကိုးကန့်အုပ်ချုပ်တဲ့ အစိုးရ ငွေရစရာနည်းလမ်းက ဒေသအတွင်းမှာ ရှိပြီးဖြစ်တဲ့ ယာဘလို ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ လုပ်ငန်းကိုပဲ အခြေပြုမလားလို့ တွေးစရာရှိလာပါတယ်။ တရားဝင်ကတော့ ဘယ်သူမှ ဘိန်းစိုက်တာတို့ ယာဘထုတ်တာတို့ ခွင့်ပြုလုပ်ကိုင်ခွင့် ပေးတယ်လို့ ကြေညာမှာမဟုတ်ပါဘူး။ ဒီလိုလုပ်နေတဲ့ အစိုးရအဖွဲ့တွေ အနေနဲ့လည်း နိုင်ငံတကာမှာ သိက္ခာရှိရှိ ရေရှည်ရပ်တည်နိုင်ဖို့ ခက်ပါတယ်။ ပြီးတော့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုဆိုတာ အကျင့်ပျက် အစိုးရဝန်ထမ်း အာဏာအလွဲသုံးစားသူတွေနဲ့ ပူးပေါင်းလုပ်မှ စီးပွားပိုဖြစ်တာပါ။ ခုလက်ရှိအချိန်မှာ မြန်မာပြည်ဘက်အခြမ်းက အကျင့်ပျက်ဝန်ထမ်းနဲ့ အာဏာပိုင်တွေကို ဆက်အသုံးချပြီး မြန်မာပြည်ထွက်ပေါက်ကနေ ကျန်တိုင်းပြည်တွေ တဆင့်ဖြန့်ဖြူးရေးက အရင်ကလောက် အဆင်မပြေနိုင်တော့ဘူး ထင်ပါတယ်။ သို့သော် ယိုပေါက်တွေရှိဆဲမို့ ဒီမူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိတဲ့ လုပ်ငန်းကတော့ ကိုးကန့်ဒေသမှာ ဆက်လက်တည်ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။

၂၀၀၄ ကိုးကန့်မှာ အလုပ်လုပ်တုန်းက ‘ဝ’ နယ်ဘက်က လက်နက်ကိုင်တွေ ချင်းရွှေဟော် ဟိုပန်တံတားထိပ်နားလောက်အထိလာပြီး လက်နက်ကြွေးမပေးလို့ ဖုန်ကြားရှင်အဖွဲ့ကို ခြိမ်းခြောက် သေနတ်ပစ်ဖောက်တာတွေ ကြုံဖူးပါတယ်။ လက်ရှိ စစ်ပွဲတွေအတွက် MNDAA ဟာ ‘ဝ’ ကို အကြွေးတင်ဦးမှာပါ။ ဒီအကြွေး ဘယ်လိုပြန်ဆပ်မလဲ ဆိုတာက ကိုးကန့်ကို ရလိုက်လို့ ဆက်အုပ်ချုပ်ရမယ့်သူတွေအတွက် ခေါင်းခဲစရာ ဖြစ်ပါလိမ့်မယ်။

MNDAA ဟာ ကိုးကန့်ဒေသကို သိက္ခာရှိရှိ ဆက်လက်အုပ်ချုပ်ဖို့ဆိုရင် မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်နွှယ်တဲ့ လောင်းကစားလုပ်ငန်းတွေကနေ စွန့်ခွာဖို့လိုပါတယ်။ တရားဝင် ဂုဏ်သိက္ခာရှိရှိ ဝင်ငွေရနိုင်တဲ့ တခုတည်းသောလုပ်ငန်းက တရုတ်နိုင်ငံ BRI လုပ်ငန်းပါ။ စီမံကိန်းလုပ်ငန်းတွေဖြစ်တဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဇုန် ဖွံ့ဖြိုးအောင် လုပ်ရေးပဲဖြစ်ပါတယ်။ ဒီလိုအလုပ်ဖြစ်ဖို့ ဆိုတာကလည်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်ဖို့နဲ့ ကိုးကန့်ဒေသကို တရားဝင်အုပ်စိုးနိုင်မှုကို အသိအမှတ်ပြုတဲ့ legitimacy နဲ့ soverign right တို့က အရေးပါလာပါတယ်။ ဒါတွေမရှိဘဲနဲ့ တရုတ်ကလည်း သူ့ရဲ့ BRI ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မှာမဟုတ်ပါ။ ဒီအတွက်ကြောင့်ပဲ တရုတ်ဟာ စကစနဲ့ MNDAA ကြားမှာ ငြိမ်းချမ်းရေးပွဲစားလုပ်ကာ MNDAA ရဲ့ လက်ရှိအုပ်စိုးမှုကို စကစက အသိအမှတ် တရားဝင်ပြုရေးကို ဆောင်ရွက်ကြိုးပမ်းနေတယ်လို့ ယူဆစရာရှိပါတယ်။

ဒီအတွက် MNDAA ကလည်း စကစကို တစုံတရာ ပြန်ပေးရဖို့ ရှိလာမှာပါ။ ၁၀၂၇ စစ်ဆင်ရေး ကြွေးကြော်သံမှာတော့ စစ်အာဏာရှင်ချုပ်ငြိမ်းရေး ကြွေးကြော်ထားတာမို့ ဒီလိုအပေးအယူ လုပ်စရာမရှိဘူးလို့တော့ ယူဆစရာရှိပါတယ်။ သို့သော် နေပြည်တော်အထိ ချီတက်ရေးဟာ အင်အား ၂,၀၀၀ သာရှိတဲ့ MNDAA အင်အားတခုတည်းနဲ့ ပြီးမယ့်ကိစ္စတော့ မဟုတ်ပါဘူး။ အဲ့လောက်ထိလည်း ပြင်ဆင်ထားပုံ မရပါဘူး။ NUG နဲ့ ဘုံရည်မှန်းချက်တူပေမဲ့ လက်ရှိအထိတော့ ဘယ်လို တရားဝင်သဘောတူညီချက်မှ လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာထားတာ မရှိလို့ လက်တွေ့နိုင်ငံရေးအရ တရုတ်ရေးတဲ့ ဇာတ်ညွှန်းအတိုင်းပဲ ပွဲဆက်ကသွားမလား ဆိုတာကလည်း ဖြစ်နိုင်ခြေတခု ဖြစ်နေဆဲ ဖြစ်ပါတယ်။

ဝင်းမျိုးသူ

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024