ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ ပြန်အရွေးခံခဲ့ရတဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အဓိက အတိုက်အခံပါတီ BNP ကို အကြမ်းဖက်ပါတီလို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ သူ့ပါတီက အမတ်နေရာ ၇၅ ရာခိုင်နှုန်းနီးပါးနဲ့ ရွေးကောက်ပွဲ အနိုင်ရရှိအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောခဲ့တာပါ။
အဓိကအတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP)က ၂၀၁၄ မှာ ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ခဲ့ဖူးပြီး ၂၀၁၈ မှာ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ကာ အခုတကြိမ် ရွေးကောက်ပွဲမှာလည်း ဝင်မပြိုင်ဘဲ ထပ်မံ သပိတ်မှောက်ခဲ့တာပါ။
ဟာဆီနာ ရာထူးကဆင်းပေးပြီး ကြားနေအစိုးရတရပ်က ဦးဆောင်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ အဓိကအတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီက တောင်းဆိုခဲ့ပေမဲ့ လိုက်လျောမပေးတဲ့အတွက် သပိတ်မှောက်ခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဟာဆီနာကတော့ လာမယ့် ငါးနှစ်အတွင်း သူ့ ရည်မှန်းချက်က နိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။
"နိုင်ငံရေးပါတီတစ်ခုစီမှာ ဆုံးဖြတ်ချက်တစ်ခု ချပိုင်ခွင့်ရှိပါတယ်။ ရွေးကောက်ပွဲမှာ ပါတီတစ်ခု မရှိတာနဲ့ဘဲ ဒီမိုကရေစီမရှိဘူးလို့ ပြောလို့ မရပါဘူး” လို့ ဟာစီနာက မြို့တော် ဒါကာရှိ နေအိမ်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
၁၉၇၅ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုအတွင်း မိသားစုဝင် အများစုနဲ့ အတူ အသတ်ခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တည်ထောင်သူ ရှိတ်မူဂျီဘာရာမန်ရဲ့ သမီးဖြစ်တဲ့ ဟာဆီနာဟာ ၁၉၉၆ ခုနှစ်မှာ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သူဖြစ်ပြီး အခုကတော့ သူ့ရဲ့ ပဉ္စမမြောက်သက်တမ်းကို တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း အာဏာရလာချိန်မှာ ဟာဆီနာက စီးပွားရေးနဲ့ အထည်ချုပ်လုပ်ငန်း အကြီးစားကို နိုင်ငံအတွင်း လည်ပတ်ရင်း အိမ်နီးချင်း မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ခိုလှုံခွင့်ပေးခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ချီးကျူးမှုကို ရခဲ့ပါတယ်။
ဝေဖန်သူတွေကတော့ ဟာစီနာဟာ အာဏာရှင်စနစ်၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သဘောထားကွဲလွဲမှုတွေကို နှိပ်ကွပ်နေတယ်လို့ အပြစ်တင်ထားပါတယ်။
Source/Photo - REUTERS/Mohammad Ponir Hossain