ဝါရင့် မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကို ပါတီဌာနချုပ်ရုံးစိုက် ရေးချောင်းဖျားဒေသမှာ ကျင်းပနေပါတယ်။
လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ပါတီညီလာခံကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကစလို့ ပါတီဌာနချုပ်မှာ ပြုလုပ်နေတာဖြစ်ပြီး အချိန်တစ်လနီးပါးကြာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
ဒီညီလာခံကနေ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ပြန်လည်ရွေးချယ်တာ၊ ပါတီမူဝါဒ အပြောင်းအလဲတွေ၊ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေအပါအဝင် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်သွားဖို့ ရှိနေပါတယ်။
ညီလာခံကျင်းပတဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာတော့ ပါတီဗဟိုကော်မတီက တင်ပြလာတဲ့ အမျိုးသားရေး၊ နိုင်ငံရေးအပါအဝင် ပါတီရေးရာအစီရင်ခံစာနဲ့ ရှေ့လုပ်ငန်းစဉ် လမ်းညွှန်ချက်တွေကို အတည်ပြုနိုင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီဘက်က ထုတ်ပြန်ထားပါတယ်။
ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အာဏာရှင်ပြုတ်ကျရေး ထိုးစစ်ဆင်တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ မွန်ပြည်သစ်ပါတီအနေနဲ့ မွန်အမျိုးသားတရပ်လုံးအတွက် ဘယ်လိုဆုံးဖြတ်ချမှတ်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသွားမယ်ဆိုတဲ့ မူဝါဒဆုပ်ကိုင်ထားတဲ့ မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီနဲ့ အုပ်စုအလိုက်ဖြစ်စေ၊ တစ်ဖွဲ့ချင်းအလိုက်ဖြစ်စေ ၆ ကြိမ်အထိ ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးထားပါတယ်။
တွေ့ဆုံဆွေးနွေးလမ်းစဉ်နဲ့ ကြားနေမူဝါဒကို ဆုပ်ကိုင်ထားတဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ မိမိလူမျိုးရဲ့ ကိုယ်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီ တိုက်ထုတ်မှာမလား ဒါမှမဟုတ် နယ်မြေအဆုံးရှုံးခံပြီး နိုင်ငံရေး ဂုဏ်သိက္ခာကျခံမလားဆိုတာ သုံးသပ်တာတွေ ရှိနေပါတယ်။
မွန်နိုင်ငံရေးသမား နိုင်ထပ်ရတ်ကတော့ မွန်ပြည်သစ်ပါတီအနေနဲ့ စစ်အာဏာရှင်ပြုတ်ရေး တော်လှန်ရေးထဲ ပါဝင်လာမှာ မဟုတ်ဘဲ မြွေမသေ တုတ်မကျိုး ပုံစံမျိုးနဲ့ ဆက်လက် ကျင့်သုံးသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။
မွန်ပြည်သစ်ပါတီကို ပါတီဥက္ကဋ္ဌအဖြစ် နိုင်ဟံသာက ဦးဆောင်တာဖြစ်ပြီး ဒီညီလာခံမှာ ပါတီဥက္ကဋ္ဌအပြင် ဗဟိုအလုပ်မှုဆောင်အဖွဲ့၊ ဗဟိုကော်မတီဝင်တွေ၊ အရန်ဗဟိုကော်မတီဝင်တွေနဲ့ အမြဲတမ်းဗဟိုကော်မတီဝင်တွေကို ရွေးချယ်ခန့်အပ်သွားဖို့ ရှိနေပါတယ်။
မွန်နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ မွန်ပြည်သစ်ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်အများစုဟာ အသက်အရွယ်နဲ့ ကျန်းမာရေးအရ လုံးဝ တာဝန်မထမ်းဆောင်နိုင်မှသာ ရာထူးကနေ အနားယူလေ့ရှိတာကြောင့် ပါတီထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲ မဖြစ်နိုင်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပြည်သူ့တော်လှန်ရေးဟာ တဆထက်တဆ ပိုမိုကြီးထွားလာနေပြီး ပြည်တွင်းစစ်မီးကလည်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွေ အပါအဝင် မွန်ပြည်နယ်နေရာအနှံ့ ဖြစ်ပွားလာနေတာပါ။
မွန်လူမျိုးနေထိုင် ဒေသတွေမှာပါ တိုက်ပွဲတွေ ဖြစ်လာနေပေမဲ့ မွန်ပြည်သစ်ပါတီက အကာအကွယ်ပေးနိုင်ခြင်း မရှိတဲ့အပေါ် မွန်လူထုအတွင်း ဝေဖန်မှုတွေ ရှိနေသလို မွန်ပြည်သစ်အပေါ်မှာလည်း ယုံကြည်မှု ကျဆင်းတာလည်း ရှိလာခဲ့တာ ဖြစ်ပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေမှာ မွန်ပြည်သစ်ပါတီအနေနဲ့ တိကျခိုင်မာတဲ့ ရပ်တည်ချက် မူဝါဒတွေ ပြောင်းလဲချမှတ်ဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။
ရာမညအင်စတီကျုနိုင်ငံရေးသုတေသနအဖွဲ့ရဲ့ ဇန်နဝါရီ ၇ ရက်ထုတ် အစီရင်ခံစာအရ ၁၁ ကြိမ်မြောက် မွန်ပြည်သစ်ပါတီရဲ့ ညီလာခံကနေ ဖြစ်နိုင်တဲ့ ဆုံးဖြတ်ချက် ၄ ရပ် ချမှတ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
အဲဒီထဲမှာ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ် အသွင်ပြောင်းပြီး စစ်တပ် မထိန်းချုပ်နိုင်တဲ့ မွန်ဒေသတချို့မှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တွေ အစားထိုး ဝင်ရောက်အုပ်ချုပ်တာ ဒါမှမဟုတ် NCA နဲ့ Bilateral အပစ်ရပ်သဘောတူစာချုပ်မူကို ကိုင်စွဲပြီး နဂိုရှိရင်းစွဲအတိုင်း မပြောင်းလဲဘဲ ပိုနေမြဲကျားနေမြဲ ရပ်တည်တာ ဆုံးဖြတ်နိုင်ပါတယ်။
ဒါ့အပြင် လက်ရှိ နွေဦးတော်လှန်ရေး အခြေအနေအမှန်ကို သိရှိသုံးသပ်ပြီးနောက် မူဝါဒအပြောင်းအလဲ ပြုလုပ်ပြီး လက်နက်ကိုင် တိုက်ပွဲဖော်ဆောင်တာ၊ ပါတီတစ်ခုလုံးအနေနဲ့ မဟုတ်ဘဲ လက်နက်ကိုင်တော်လှန်လိုတဲ့ အုပ်စုတွေကို ခွဲထုတ်ပြီး ဒုတိယအင်အားစုအနေနဲ့ စစ်ကောင်စီကို တွန်းလှန်သွားမယ်လို့ သုံးသပ်ထားပါတယ်။
မွန်ပြည်သစ်ပါတီဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)နဲ့ အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင် လက်မှတ်ရေးထိုးထားပါတယ်။
မွန်လူမျိုးတွေရဲ့ ကိုယ်ပြဋ္ဌာန်းခွင့်အတွက် နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် တိုက်ပွဲဝင်လာတဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကနေ ဆုံးဖြတ်ချက် ရလဒ်တွေ မကြာခင် ထွက်ပေါ်လာဖို့ ရှိပါတယ်။