ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝ(မွတ်ဆလင်) ကျေးရွာက ဗလီအနီးနားမှာ ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၁ လုံး မီးလောင် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီမီးလောင်မှုကြောင့် စျေးဆိုင်ခန်း ၂ ခန်း၊ နေအိမ် ၉ လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးကူးစက်မှုမရှိအောင် နေအိမ်တအိမ်ကို ဖြိုချဖျက်ဆီးခဲ့ရတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီမီးလောင်မှုဟာ မီးကြွင်းမီးကျန်ကနေတဆင့် ပေါ့ဆမှုကြောင့် လောင်ကျွမ်းခဲ့တာဖြစ်ပြီး အပေါက်ဝကျေးရွာက မာမောက်ဆာလောင်၊ ဖော်ဇော်လာမောက်၊ အဒူဂျော်လီ၊ ကိုရီမိုဒီ၊ ဂျော်နာမဒိန်၊ လာလ၊ မောင်ကျော်ဇော၊ မောင်အေး၊ အဒူဂေါ်ရီ၊ ထွန်းထွန်းနိုင်နဲ့ ဟာတိုလီရဲ့ နေအိမ်အဆောက်အဦတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
မီးဘေးသင့် ပြည်သူတွေကတော့ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ မှီခိုနေကြရပြီး အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။