Home
မြန်မာသတင်း
ကန်တော်ကြီးရေပြင်တွင် ကျောင်းဆရာမ ၁ ဦး၏ ရုပ်အလောင်းတွေ့ရှိ
DVB
·
January 8, 2024
KanDawGyi a Death_08012024

ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးပန်းခြံ၊ ပန်းကန်လုံးကျွန်း၊ ရှင်ဥပ္ပဂုတကျောင်းဆောင် တံတားအနီးရေပြင်ထဲမှာ ဇန်နဝါရီ ၈ ရက် ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က အမျိုးသမီးရုပ်အလောင်း တလောင်း  ဆယ်ယူရရှိခဲ့တယ်လို့ ဒီဃာယုကအသင်းက ပြောပါတယ်။

ရုပ်အလောင်းကို မနက် ၁၀ နာရီခွဲကျော်မှာ ပန်းခြံလမ်းလျှောက်သူတွေနဲ့ ပန်းဥယျာဉ်ဝန်ထမ်းတွေက တွေ့ရှိပြီး သက်ဆိုင်ရာနဲ့ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ဒီဃာယုကအသင်းတာဝန်ရှိသူတဦးက “အသက်ကတော့ ၄၅ ကျော်လောက်ပါ။ အထက်တန်းကျောင်းတခုက ဆရာမပါ။ သူ့ကို ဒီမနက်ပိုင်းလောက်မှာပဲ တွေ့တဲ့သူတွေရှိတယ်။ ကျနော်တို့ဆီ အကြောင်းကြားတာက မနက် ၁၁ နာရီခွဲကျော်လောက်မှာပါ”လို့ ပြောပါတယ်။

အဝါရောင်အင်္ကျီလက်တို၊ အင်္ကျီလက်ရှည်အညိုရောင်နဲ့ ထဘီပန်းပွင့်ပါ အဝါရောင် ဝတ်ဆင်ထားတဲ့ ရုပ်အလောင်းကို ရေပြင်ထဲမှာ မှောက်ခုံအနေအထားနဲ့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သေဆုံးသူဟာ မင်္ဂလာတောင်ညွန့်မြို့နယ် အ.ထ.က ၅ က ကျောင်းဆရာမတဦးဖြစ်တဲ့ အသက် ၄၅ ကျော်အရွယ် ဒေါ်သန္တာမြင့် ဖြစ်ပါတယ်။ ပန်းဥယျာဉ်ဝန်ထမ်းတွေ ပြောပြချက်အရ ဒီမနက် ၉ နာရီခွဲလောက်ကတည်းက ပန်ကန်လုံးကျွန်းအနားမှာ ရောက်ရှိနေတာလို့ သိရပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သေဆုံးသူရဲ့ မိသားစုဝင်နဲ့ အဆက်အသွယ်မရရှိသေးဘူးလို့ သိရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲရုံကို အရပ်ဘက်ကယ်ဆယ်ရေးအသင်းကားနဲ့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

၂၀၂၃ ဇူလိုင် ၂၀ ရက်ကလည်း ဗဟန်းမြို့နယ်၊ ကန်တော်ကြီးပန်းခြံ၊ ပန်းကန်လုံးကျွန်း၊ ရှင်ဥပ္ပဂုတ္တကျောင်းဆောင် တံတားအောက်ရေပြင်ထဲမှာ အသက် ၄၅ နှစ်အရွယ် အမျိုးသား ရုပ်အလောင်း တလောင်းနဲ့ ၂၀၂၃ ဇန်နဝါရီ ၁၇ ရက်က ကန်တော်ကြီးရေပြင်ထဲမှာ အသက် ၂၆ နှစ်အရွယ် အမျိုးသား တယောက်ရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024