မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့တနှစ်အတွင်း စစ်ကောင်စီက ဒေသခံတွေရဲ့နေအိမ် အနည်းဆုံး အလုံး ၂၀၀ ကျော်ကို ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး အရပ်သားတွေရဲ့ နေအိမ်တွေ အများဆုံး ချိပ်ပိတ်ခံခဲ့ရတယ်လို့ မြေပြင်စာရင်းကောက်ယူနေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။
စစ်ကောင်စီက အရပ်သားတွေဟာ PDF တွေကို ထောက်ပံ့တာ၊ အားပေးတာ၊ ချိတ်ဆက်ကူညီတာတွေ လုပ်နေတာကြောင့်လို့ စွပ်စွဲပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ၁ နှစ်အတွင်း လူနေအိမ် အနည်းဆုံး ၂၂၆ လုံးလောက်အထိ ချိပ်ပိတ် သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။
အဲဒီ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ လူနေအိမ်တွေဟာ NLD ပါတီဝင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ် အလုံး ၅၀ လောက်သာပါပြီး ကျန်တဲ့နေအိမ် အလုံး ၁၇၀ ကျော်လောက်ဟာ ဒေသခံ အရပ်သားတွေရဲ့ နေအိမ်တွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။
မြေပြင်စာရင်းကောက်ယူနေတဲ့ အဖွဲ့တာဝန်ခံတယောက်က “စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားလာတာရှင်းရှင်းလေးပါ၊ သူတို့လုပ်ရပ်ကိုကြည့်ရင် သိသာတယ်လေ။ ချိပ်ပိတ်ခံရတဲ့ အိမ်အများစုက အရပ်သားတွေရဲ့ အိမ်တွေပါ။ သူတို့နိုင်တဲ့လူပဲ အနိုင်ကျင့်တဲ့သဘောပေါ့။ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ပံ့တယ်၊ အားပေးတယ်လို့ စွပ်စွဲပြီး အရပ်သားတွေ ပိုင်ဆိုင်တဲ့ အရာမှန်သမျှ သိမ်းနေတာ။ လူကိုလည်း တွေ့ရင် ဖမ်းသေးတယ်။ အကျဉ်းထောင်ထဲ လူများလာရင် နောက်လူထပ်ထည့်ဖို့ ခေါင်းစဉ်ကောင်းကောင်းတပ်ပြီး ပြန်လွှတ်တယ်။ စစ်ကောင်စီက ဘယ်လိုအကြောင်းနဲ့မှ ကျေးဇူးတင်စရာမရှိဘူး” လို့ ပြောပါတယ်။
အဲ့ဒီ နေအိမ်ချိပ်ပိတ်သိမ်းဆည်းခံထားရတဲ့ နေအိမ်ပိုင်ရှင် အများစုကိုလည်း အကြမ်းဖက် ဥပဒေပုဒ်မ၊ မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်ညို ပျက်စေမှု စတဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက အမှုဖွင့်ကြောင်း ကြေညာထားတဲ့သူတွေ ပါဝင်ပြီး ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်ထားခြင်းမရှိတဲ့သူတွေလည်း ပါတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “စစ်ကောင်စီက မကောင်းတာ အကုန်လုပ်တယ်။ အရပ်သားတွေ ပြည်သူတွေဆိုတာ ဘာမှမရှိဘူး။ ဟိုရက်က သံဖြူဇရပ်က ကိုယ့်ဝန်ထမ်း ထွေအုပ်တောင် PDF ထောက်ပံ့တယ်ဆိုပြီး ဖမ်းခဲ့သေးတာလေ။ ကျမတို့ပြည်သူတွေကို ဖမ်း၊ ပိုင်ဆိုင်တာလေးတွေကို သိမ်း လုပ်နေတာ ကျမတို့ဘဝ ပျက်နေပြီ၊ ပျက်စရာမရှိတော့ပါဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၁ နှစ်အတွင်း မွန်ပြည်နယ်က သိမ်ဇရပ်၊ ပေါင်၊ သထုံ၊ ကျိုက်ထို၊ ကျိုက်မရော၊ ဘီးလင်း၊ မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံ၊ ရေး စတဲ့မြို့နယ်တွေက ဒေသခံတွေရဲ့ နေအိမ်တွေ အများဆုံး ချိပ်ပိတ်ခံရတဲ့အထဲ ပါတယ်လို့ သိရပါတယ်။