Home
မြန်မာသတင်း
ဖယ်ခုံတွင် စစ်ဘေးရှောင် ကလေးငယ် ၁၀၀ ခန့် ရေကျောက်ရောဂါ ဖြစ်ပွား
DVB
·
January 8, 2024
Phe Khon Chicken Pox_08012024

ရှမ်း-ကယားနယ်စပ် ဖယ်ခုံအနောက်ခြမ်းက အနောက်ပဒေါင်တောင်ပေါ် စစ်ရှောင်စခန်းတွေမှာ ကလေးငယ် အယောက် ၁၀၀ နီးပါး ရေကျောက်ရောဂါ ဖြစ်ပွားနေတယ်လို့  ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူထံက သိရပါတယ်။

တောင်ပေါ်စစ်ရှောင်စခန်းဖြစ်တဲ့အတွက် ရေရှားပါးလို့ ကလေးငယ်တွေဟာ တကိုယ်ရေ သန့်ရှင်းရေး မလုပ်နိုင်တဲ့အပြင် မသန့်ရှင်းတဲ့ရေတွေကို သုံးစွဲနေရတဲ့အတွက် ရေကျောက်ရောဂါတွေ ဖြစ်ပွားလာရတာလို့ သိရပါတယ်။

ကျန်းမာရေးဆရာမတဦးက “ဆေးတွေလူးပေးရတယ်၊ ကလေးတွေက ဖြစ်တာ ပိုများတယ်လေ။ ကြက်ဥတွေပဲ ကျွေးရတယ်။ ၅ ရက်လောက်ရှိပြီ၊ သူတို့လည်း မစားနိုင်တော့ဘူး။ တကယ် အရမ်းသနားဖို့ ကောင်းတယ်။ ဆေးတွေလည်းရှားတော့လေ” လို့ ပြောပါတယ်။

ရေကျောက်ရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ်တွေဟာ အရမ်းအေးတဲ့ ညဘက်တွေမှာ အိပ်မရတာ၊ အဖျားတက်တာတွေပါ ဖြစ်နေကြပါတယ်။

အနောက်ပဒေါင်တောင်မှာ စစ်ရှောင်ဦးရေ ၁,၀၀၀ နီးပါးရှိပြီး အဓိကအားဖြင့် ရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရပါတယ်။

ဒေသခံက “ရေက ဝယ်သုံးရတယ်။ တောင်ပေါ်မှာဆိုတော့ ရေရှားတယ်။ ထော်လာဂျီတစီးကို တသိန်းခွဲပေးဝယ်ရတယ်။ ရေကို ရွှေလိုသုံးနေရတယ်”လို့ ပြောပါတယ်။

ရေကျောက်ရောဂါကိုကုသဖို့ ဆေးဝယ်ယူဖို့အတွက်လည်း အခက်အခဲရှိနေပြီး လိမ်းဆေးတွေကိုပဲ အားထားနေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024