Home
ဆောင်းပါး
နှစ်သစ်ကို သယ်ဆောင်လာတဲ့ လူသတ်၊ လုယက်မှုများ
DVB
·
January 8, 2024
Article_08012024

- ၁ -

စစ်အာဏာသိမ်းပြီး သုံးနှစ်တာကာလအတွင်း ရန်ကုန်မှာ နေအိမ်၊ ဆိုင်ခန်းနဲ့ ကုမ္ပဏီတွေကို  ဝင်ရောက်လုယက်၊ သတ်ဖြတ်တာတွေဟာ  တနှစ်ထက်တနှစ် ပိုမိုများပြားလာပါတယ်။

အရင်နှစ်ကထက် နေ့စဥ် ခါးပိုက်နှိုက်၊ လုယက်၊ အနုကြမ်းစီးမှု၊ ဓားပြတိုက်မှုတွေ ပိုများလာပြီး အသက်သေဆုံးရသူတွေလည်း ရှိပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာလမ်းမှာ ဇန်နဝါရီလ ၁ ရက် နေ့လယ် ၁ နာရီက သူငယ်ချင်းအချင်းချင်း စကားများကာ အမျိုးသားတဦး မေးရိုးနဲ့ ဘက်လက်မောင်းအပြင် ဒဏ်ရာများ ပြင်းထန်စွာရရှိကာ မြောက်ဥက္ကလာပ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

“အချင်းချင်းစကားများပြီး ဓားနဲ့ခုတ်တာ၊ အခုတ်ခံရတဲ့သူက ဒဏ်ရာအတော်များတယ်၊ စိုးရိမ်ရတဲ့အခြေအနေ​။“

၂၀၂၃ ခုနှစ်မကုန်ခင် ဒီဇင်ဘာလ ၃၀ ရက်က ရွှေပြည်သာမြို့နယ်မှာ အသိသူငယ်ချင်းတယောက်က ဖုန်းလာရွေးရင်း မိခင်ဖြစ်သူကို မျက်နှာနဲ့လည်ပင်းကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့လို့ ဆေးရုံတင်ထားရကြောင်း ရွှေပြည်သာမြို့ခံတဦးက ပြောပါတယ်။

“Gym သွားဆော့ရင်း ရင်းနှီးရာကနေ  စက်ဘီးပေါင်တယ်၊ တသိန်းခွဲနဲ့ပေါင်တယ်၊ လာပြန်ရွေးတဲ့အချိန် တသိန်းနှစ်သောင်းပဲပေးပြီး ကျန်တဲ့သုံးသောင်းအတွက် ဖုန်းပေးခဲ့တယ်။ ဖုန်းလာယူတဲ့အချိန် ခေါင်းကို ဓားနဲ့ခုတ်ပြီး လည်ပင်းကိုပါ လှီးသွားတာ အခုကတော့ အသက်လုနေရတယ်“ လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၈ ရက်မှ ၂၀ ရက်အတွင်း ကြည့်မြင်တိုင်၊ အင်းစိန်၊ မရမ်းကုန်းတို့မှာ အမျိုးသားလေးယောက် ဓားနဲ့ထိုးခုတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ အင်းစိန်မြို့ခံတဦးက ပြောပါတယ်။

“လူမိုက် ကျော်ဝင်းစိန် ကျောင်းကြီးလမ်းမှာ ၈ ရက်နေ့ညက ဓားနဲ့ခုတ်ပြီး အသတ်ခံရတယ်။ ၁၂ ရက်မှာ အင်းစိန် ကြို့ကုန်းမှာ ဓားနဲ့ထိုးပြီး တယောက်အသတ်ခံရတယ်။ ၁၃ ရက်နေ့ကျတော့ သမိုင်း ပျံကျစျေးနားမှာ ထိုးသွင်းဒဏ်ရာတွေ အများကြီးနဲ့ အမျိုးသားတယောက် ထပ်သေတယ်။ ၂၀ ရက်နေ့မှာ ကြည့်မြင်တိုင်က မြစ်ထဲမှာ ဒဏ်ရာတွေနဲ့ သေနေတဲ့ လူတယောက် ထပ်တွေ့တယ်။“

ဒီလိုလူသတ်မှုတွေအပြင် ဗိုလ်တထောင်မြို့နယ် အမှတ် ၈ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနဲ့ ၄၁ လမ်းမှာ ဒေါ်လာရောင်းဝယ်ရေးလုပ်ငန်း လုပ်သူတဦးနဲ့ အသိမိတ်ဆွေတဦးကို အငှားယာဥ်နှစ်စီးနဲ့ အမျိုးသားရှစ်ဦးက ပြန်ပေးဆွဲသွားပြီး သိန်းတထောင်နီးပါးကို လုယူကာ တောင်ဒဂုံမှာ ပစ်ချထားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရုပ်ရှင်တွေထဲကအတိုင်းပဲ၊ ကားပေါ်က ဝုန်းကနဲဆင်းလာပြီး အတင်း ကားပေါ်ဆွဲတင်တာ။ လူကလည်းများတယ်၊ လက်ထဲမှာ  ဓားရှည်တွေရော အတိုတွေရော ကိုင်ထားတယ်။ လမ်းပေါ်မှာရှိနေတဲ့သူတွေလည်း ကြောင်ကြည့်နေတယ်။ မသိရင် ရုပ်ရှင်ရိုက်နေတယ်ထင်တာ။“

အလားတူ အောက်တိုဘာလ ၈ ရက် ည ၇ နာရီဝန်းကျင်က ကြည့်မြင်တိုင်မြို့နယ် ညဈေးက “ဇမ္ဗူရာဇ်“ ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးကို အမည်မသိ အမျိုးသား ၇ ယောက်က  ဖမ်းဆီးကာ သတ်ပြီး ရွှေတွေလုယူသွားတယ်လို့ ကြည့်မြင်တိုင်မြို့ခံတဦးက ပြောပါတယ်။

“ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့အချိန် လမ်းထိပ်မှာဖမ်းသွားတာ၊ သတ်ပြီးတော့ အမြန်လမ်းမှာ ထားခဲ့တယ်။ ရွှေတပိဿာကျော်နဲ့ သိန်း ၅ဝ ရယ်၊ အိမ်ဂရမ်တွေ ယူသွားတယ်။ သတ်တဲ့သူတွေက ရဲတွေဖြစ်နေတယ်“ လို့ ပြောပါတယ်။

- ၂ -

လူသတ်ပြီး ပစ္စည်းလုယက်သူတွေဟာ နေအိမ်မှာ တဦးတည်းရှိသူတွေကို ပစ်မှတ်ထား တိုက်ခိုက်လုယက်လာတယ်လို့ သင်္ဃန်းကျွန်းမြို့ခံတဦးက ပြောပါတယ်။

“သွပ်ဝိုင်းကြီးရပ်ကွက်မှာ နိုဝင်ဘာလ ၂၄ ရက်ကဖြစ်တဲ့ လုယက်မှုဆို တူနဲ့ သူငယ်ချင်း တယောက်က ဦးလေးဖြစ်သူကို လာကန်တော့ချင်ဟန်ဆောင်ပြီး ဓားနဲ့ထိုးပြီး လုတာ၊ ရပ်ကွက်က ဝိုင်းဖမ်းလို့ တယောက်မိတယ်၊ တယောက်လွတ်သွားတယ်“ လို့ ပြောပါတယ်။

ဗိုလ်တထောင်မြို့နယ် အမှတ် ၈ ရပ်ကွက် ၄၃ လမ်းရှိ L & Z ငါးလုပ်ငန်းကုမ္ပဏီကို နိုဝင်ဘာလ ၁၇ ရက်က အမျိုးသား ၆ ယောက်က  ဓားပြတိုက်ပြီး သိန်း ၆၀၀ ကျော် ယူသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဝန်ထမ်းနှစ်ယောက်ကို မျက်နှာနဲ့ ပါးစပ်ကို တိတ်နဲ့ပိတ်၊ လက်ပြန်ကြိုးတုပ်ပြီး ကုမ္ပဏီငွေတွေ လုသွားတာ၊ လူမသတ်သွားတာဘဲ ကံကောင်းတယ်။“

နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၆ နာရီက မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ သုမိတ္တာ ၂၂ လမ်း၊ အမှတ် ၈၆၇ အိမ်ရှေ့မှာ ရွှေဆိုင်ကနေ ဆိုင်သိမ်းပြီးပြန်လာတဲ့ အမျိုးသမီးတယောက် သေနတ်နဲ့ပစ်ခံရပြီး ကျပ်သိန်း ၁၀၀၀  ဖိုးလောက်ရှိတဲ့    ရွှေတွေလုယက်ခံရပါတယ်။

လူသတ်လုယက်မှုတွေမှာ  စက်တင်ဘာလ ၄ ရက်က ဖြစ်ခဲ့တဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် ၃ ယောက်ကို  ဓားနဲ့ထိုးသတ်ကာ ပစ္စည်းလုယက်ခဲ့တဲ့ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်၊ အနန္တသူရိယလမ်းက သုံးလောင်းပြိုင်လူသတ်မှုက အဆိုးဆုံးလို့ လှိုင်သာယာမြို့ခံတဦးက ပြောပါတယ်။

“ငွေအတိုးနဲ့ယူတယ်၊ ပြန်လာဆပ်တဲ့ပုံစံနဲ့ အဖေရော အမေရော ကလေးရော သတ်သွားတယ်။ ရွှေနဲ့ ငွေတွေ လုသွားတယ်။ စစ်တပ်က လူမိုက်တွေကို ကျပ်လိုက်တာ၊ မကြာဘူး မိသွားတယ်။“

ပုဇွန်တောင်မြို့နယ် ၈ ရပ်ကွက် မြောင်းကြီးလမ်း ၈ လွှာတိုက်ခန်းမှာ သြဂုတ်လ ၃၀ ရက်က တဦးတည်းနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို သူ အမြဲတမ်း ငှားရမ်းစီးနင်းလေ့ရှိတဲ့ ဆိုက္ကားသမားတယောက်နဲ့  အမျိုးသား ၃ ယောက်က  ဓားနဲ့ထိုးသတ်ကာ ရွှေနဲ့ ငွေတွေလုယက်ခဲ့ပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက် သုမာလာလမ်းမှာ နေထိုင်တဲ့ အသက် ၇၀ နီးပါးရှိ ဆိုင်ပိုင်ရှင်နဲ့ ညီမဖြစ်ကို Mask တပ်ထားတဲ့ အမည်မသိ အမျိုးသား ၃ ယောက်က  ဓားနဲ့ထောက်ကာ ရွှေထည်ပစ္စည်းမျိုးစုံ ၅ ကျပ်သားနဲ့ ငွေကျပ် ၈၅ သိန်းတို့ကို ယူဆောင်သွားခဲ့ပါတယ်။

အလားတူ ဇူလိုင်လ ၁ ရက် မနက်က သင်္ဃန်းကျွန်း မြရွှေယုန်ရွှေဆိုင်ကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး လုယူဖို့ကြိုးစားခဲ့ပေမဲ့ လုံခြုံရေးဝန်ထမ်းက ပြန်လည်တိုက်ခိုက်ခဲ့လို့ လုယက်မှုရန်က ကင်းဝေးခဲ့ပါတယ်။

- ၃ -

ရန်ကုန်တိုင်းအတွင်းရှိ သာကေတ၊ တောင်ဒဂုံ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ အငှားယာဥ်မောင်းတွေကိုလည်း ဓားနဲ့ထိုးသတ်၊ ရိုက်လုကာ ကား၊ ဖုန်းနဲ့ ငွေကြေးတို့ကို မကြာခဏ လုယက်လေ့ရှိတယ်လို့ အငှားယာဥ်မောင်းတဦးက ပြောပါတယ်။

“မြသီတာပန်းခြံရှေ့မှာ တက္ကစီယာဥ်မောင်း အဘိုးကြီးကို ခရီးသည်က သတ်ပြီး ဖုန်းနဲ့ ငွေတွေ ယူသွားတယ်။ လှိုင်သာယာမှာ ယာဥ်မောင်းကို ခေါင်းရိုက်ခွဲပြီး ကားယူသွားတယ်။ တောင်ဒဂုံမှာ ဒယ်လီပို့တဲ့ယာဥ်မောင်းကို သတ်ပြီး ကားယူသွားတယ်။ သာကေတမှာ ယာဥ်မောင်းကို ဓားနဲ့ထိုးသတ်ပြီး ဖုန်းယူသွားတယ်။“

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျွန်းရွှေဝါလမ်းမကြီး၊ မြသီတာပန်းခြံရှေ့မှာ သြဂုတ်လ ၂၆ ရက် နေ့လယ်က အငှားယာဥ်မောင်း အမျိုးသားကို ခရီးသည် ၃ ယောက်က  ဓားနဲ့ထိုးသတ်ကာ ဖုန်းနဲ့ ငွေကြေး ယူသွားတာ ဖြစ်ပါတယ်။

အလားတူ ဗိုလ်တထောင်မြို့နယ်၊ ၅ ရပ်ကွက်၊ ၅၂ လမ်း၊ မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းကြား၊ အမှတ် ၂၉ မြေညီထပ်ရှိ Best Century Travel and Tour ကို သြဂုတ်လ ၈ ရက် ညနေ ၆ နာရီက အမည်မသိ အမျိုးသားလေးယောက်က  ဝန်ထမ်းတွေကို  သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး ငွေကျပ်သိန်း ၁,၅၀၀ ခန့်ကို ဓားပြတိုက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် မေလ ၁၃ ရက်နဲ့ ၁၈ ရက်မှာ သာကေတမြို့နယ်ရှိ ကြယ်စင်လင်းရွှေဆိုင်နဲ့ မြောက်ဥက္ကလာပမြို့နယ်ရှိ မြတ်မောင်ရွှေဆိုင် ဓားပြတိုက်ခံရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က  “၂၀၂၃ မှာ ဇမ္ဗူရာဇ်၊ မြရွှေယုန်၊ ကြယ်စင်လင်း၊ မြတ်မောင် ငါးဆိုင်အလုခံရတာ၊ ငါးဆိုင်မှာ မြရွှေယုန်ဆိုင်က ပြန်ခုခံလို့ ပစ္စည်းတွေမပါဘူး။ ဇမ္ဗူရာဇ်ဆိုင်ရှင် သေတယ်၊ ပစ္စည်းတွေပါသွားတယ်။ နောက်သုံးဆိုင်လည်း ပါသွားတယ်“ လို့ ပြောပါတယ်။

- ၄ -

လုယက်ခံရသူတွေဟာ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေကို သွားရောက်တိုင်ကြားတဲ့အခါ လုံခြုံရေးအကြောင်းပြကာ ရဲတွေက ပြန်လွှတ်လေ့ရှိတယ်လို့ တောင်ဒဂုံမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဖုန်းအလုခံရလို့ သွားတိုင်တာ၊ ရဲစခန်းက ရပ်ကွက်ထဲမှာ အပစ်ခံရရင် ခင်ဗျားတို့ တာဝန်ယူမလားဆိုပြီး ပြောတယ်။ နောက်တခါ ဖုန်းလုခံရတော့ ရပ်ကွက်က ဝိုင်းရိုက်ပြီး ဖမ်းတာ။ ဖမ်းမယ့်သူတောင် အမှုဖွင့်မယ်လုပ်တာ။ ရပ်ကွက်ထဲကလူတွေက အလုခံရရင်တောင် ကူညီပြီး ဖမ်းမပေးရဲတော့ဘူး။“

ပြည်သူတွေရဲ့ လုံခြုံရေးအခြေအနေနဲ့ပတ်သက်လို့ အငြိမ်းစားရဲမှူးကြီးတဦးက “ရဲတွေက  အရည်အချင်းမရှိတော့ဘူး၊ ရပ်ကွက်ထဲကို မသွားရဲတော့ဘူး၊ ရဲစခန်းကို စစ်တပ်က လုံခြုံရေးယူပေးရတယ် ဆိုကတည်းက ပြည်သူလူထု လုံခြုံရေးအတွက် စဥ်းစားကြည့်တော့၊ နောက်တခုက ရဲတွေက သူခိုး၊ ဂျပိုးတွေ သတင်းပေးအဖြစ် ပြန်မွေးထားတော့ လုယက်သတ်ဖြတ်မှုတွေက အရင်ကထက် ပိုဆိုးလာတယ်။ တနေ့တခြား ပိုများလာတယ်“ လို့ ဝေဖန်ထောက်ပြပါတယ်။

စစ်ကောင်စီဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့သူတွေကို ဦးစားပေးကာ တရားစီရင်ပြီး လုယက်မှု၊ လူသတ်မှုနဲ့ ဓားပြတိုက်၊ အနုကြမ်းစီးမှုတွေ တရားစီရင်ရာမှာ နှောင့်နှေးမှုတွေရှိတယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက သုံးသပ် ပြောဆိုပါတယ်။

“တရားရုံးတွေမှာ နိုင်ငံရေးပြစ်မှုတွေ များတယ်။ လုယက်မှုတို့ လူသတ်မှုတွေဆို ရဲတို့ အုပ်ချုပ်ရေးတို့ သက်သေထွက်မယ့်သူတွေ မလာတာများနေတော့ အမှုစစ်ဖို့ ကြာတယ်။ နိုင်ငံရေးအမှုဆို ဒီနေ့မိတယ်၊ တလလောက်ကြာရင် အမိန့်ချပြီးသွားပြီ။ တရားစီရင်ရေး အားနည်းတာရော ရဲက ကိုယ့်အလုပ်ကိုယ် မလုပ်တာရော၊ ဒါကြောင့် လုယက်မှုတွေ ပိုဆိုးလာတာ။“

၂၀၂၂ ခုနှစ်အတွင်း ဘဏ်ဓားပြတိုက်မှု ၄ ကြိမ်၊ TT Diamond လက်ဝတ်ရတနာဆိုင် လုယက်ခံရမှု ၂ ကြိမ်၊ ပန်းဘဲတန်းကုန်စုံဆိုင်မှာ လူသတ်ပစ္စည်လုယက်မှု  ၁ ကြိမ် ဖြစ်ပွားခဲ့ပြီး လုယက်လူသတ်မှုကြောင့် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့   ဒီဗွီဘီက ပြုစုထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက်မှ မေလ ၁၃ ရက်အတွင်း သင်္ဃန်းကျွန်းမြို့နယ် AGD ဘဏ်၊ လှိုင်မြို့နယ် AYA ဘဏ်ခွဲ ၂၉၊ လမ်းမတော်မြို့နယ် AYA ဘဏ်၊ မြောက်ဒဂုံမြို့နယ် KBZ ဘဏ်တို့ ဓားပြတိုက်ခံရပြီး ကမာရွတ်မြို့နယ် ဗဟိုလမ်းမှာ ဖွင့်လှစ်ထားတဲ့ TT Diamond လက်ဝတ်ရတနာဆိုင်မှာ တနှစ်အတွင်း နှစ်ကြိမ်တိုင် လုယက်ခံခဲ့ရပါတယ်။

ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနဲ့ ၂၆ လမ်းထောင့်ရှိ သစ္စာ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းကို လုယက်သူ အမျိုးသားသုံးဦးက ဓားနဲ့ထိုးပြီး သိန်း ၂၈၀၊ ကားနဲ့ ဖုန်းတွေကို လုယူခဲ့ပါတယ်။

ဒါ့အပြင် မင်္ဂလာတောင်ညွန့်မှာ ရူပဗေဒကထိက အငြိမ်းစား ကျောင်းဆရာ ဦးမြင့်ဝေ (တက္ကသိုလ်ကြယ်ပွင့်) နဲ့ ဇနီးဖြစ်သူ အငြိမ်းစားကျောင်းဆရာမ ဒေါ်ခင်ခင်စန်းတို့ အသတ်ခံရမှုနဲ့ သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်မှာ လုယက်သူတွေဟာ အဘွားအိုတဦးကို ဓားနဲ့ထိုးပြီး မိသားစုလေးဦး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးအချို့ကို လုယက်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။“စစ်တပ်က အာဏာတည်မြဲရေးပဲ ဦးစားပေးနေတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောပဲ။ ပြည်သူတွေ လုံခြုံရေးက ဓားခါးကြားထိုးပြီး အလုပ်သွားရတော့မယ့်ပုံစံ“ လို့ တောင်ဒဂုံမှာ နေထိုင်သူတဦးက ပြောပါတယ်။

မြင့်မြတ်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024