ဒဏ်ရာကြောင့် ကာလကြာရှည် အနားယူခဲ့ရတဲ့ ကီဗင်ဒီဘရိုင်း ပြန်ကစားနိုင်ခဲ့တဲ့အပေါ် ကျေနပ်မိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
ဒီဘရိုင်းဟာ ဖီဖာ ကမ္ဘာ့ကလပ်ပွဲမှာကတည်းက အသင်းနဲ့အတူ လိုက်ပါလေ့ကျင့်ခဲ့တာပါ။ မနေ့ညက ကစားခဲ့တဲ့ ဟတ်ဒါဖီးလ်နဲ့ အက်ဖ်အေဖလားပွဲမှာတော့ ပွဲချိန် ၅၇ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး တဂိုး ဖန်တီးပေးခဲ့သလို အသင်းကလည်း ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
ကီဗင်ဒီဘရိုင်းအနေနဲ့ လေ့ကျင့်ချိန်တွေ လိုအပ်နေသေးပြီး မိနစ် ၉၀ ပြည့်ကစားဖို့ အဆင်သင့်မဖြစ်သေးပေမဲ့ ဘောလုံးပြန်ကစားနိုင်ခဲ့တဲ့အပေါ် အားရကျေနပ်မိကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ဘောလုံးကောင်းကောင်း ကစားတတ်တဲ့သူတွေ များပေမဲ့ အနိုင်ရဖို့ ကစားနိုင်သူတွေကတော့ ရှားပါးကြောင်း၊ ဒီဘရိုင်း၊ ဟာလန်းနဲ့ ဖိုဒမ်တို့က အဲဒီလိုကစားသမားတွေဖြစ်ကြောင်း ဂွါဒီယိုလာက ချီးကျူးသွားပါတယ်။
Photo-Reuters