ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီအခြေစိုက် စကခ ၁၆ နောက်တန်းဌာနချုပ်နဲ့ ကွတ်ခိုင်ဗျူဟာကုန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၇ ရက် မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။
ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီရဲ့ သိန္နီအခြေစိုက် “စကခ ၁၆ နောက်တန်းဌာနချုပ်” ကို ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီလောက်က သိမ်းပိုက်နိုင်ခဲ့ပြီး “ကွတ်ခိုင်ဗျူဟာကုန်း” ကိုတော့ ဇန်နဝါရီ ၇ ရက် ည ၁၁ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်ခဲ့တာလို့ဆိုပါတယ်။
ဇန်နဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့မှာ စစ်ကောင်စီဘက်က ကွတ်ခိုင်ကို လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံ အမျိုးသားတဦးက “စစ်ကောင်စီက မနေ့ မနက် ၁၁ နာရီ ၄၅ မိနစ်လောက်ကလည်း ဂျက်ဖိုက်တာနဲ့ တခါ၊ မွန်းလွဲ ၂ နာရီခွဲမှာ ဂျက်ဖိုက်တာ ၁ စီးနဲ့ တခါ၊ အဲဒီနောက် ဂျက်ဖိုက်တာ ၂ စီး၊ Y 12 တို့နဲ့ ကွတ်ခိုင်မှာ ဗုံးလာကြဲသွားတာ” လို့ ပြောပါတယ်။
မြို့ထဲမှာ လေယာဉ်ဗုံးထိမှန် မီးလောင်တာတွေ ရှိပေမဲ့ သွားမကြည့်ရဲသလို ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတာကြောင့် ဆက်သွယ်မရလို့ ထိခိုက်သေဆုံးမှုတွေ မသိရဘူးလို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ကနေ ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီ မိနစ် ၅၀ လောက်က ကွတ်ခိုင်နဲ့ သိန္နီကို အပြင်းထန်ဆုံး စစ်ကူပစ်ကူပေးဖို့လိုပြီး လေယာဉ်အုပ်လိုက် ကြဲပေးစေချင်ကြောင်း၊ ၂၄ နာရီ စိုးမိုးထားပေးဖို့လိုအပ်ကြောင်း စစ်ကူတောင်းထားတာကို တွေ့ရပါတယ်။
ကွတ်ခိုင်မြို့နယ် ဟိုကျန့်၊ ပန်ကူ၊ ပန်ဆေး၊ လွယ်ဆိုင်၊ လွယ်အွန်း စတဲ့ရွာတွေကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတကျောင်း၊ သီလရှင်ကျောင်း တကျောင်းနဲ့ လူနေအိမ်နှစ်လုံး ပျက်စီးခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။