အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဂါဇာမှာဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အိုင်မန် ဆာဖှာဒီနဲ့ တွေ့ဆုံဖို့ ဇန်နဝါရီလ ၇ ရက်မှာ ဂျော်ဒန်နိုင်ငံ အမ်မန်မြို့တော်ကို ရောက်ရှိနေပါတယ်။
ဘလင်ကန်ဟာ အမ်မန်မြို့တော်ရှိ ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ ဒေသဆိုင်ရာ ညှိနှိုင်းရေး ဂိုဒေါင်ဆီကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။
အဲဒီဂိုဒေါင်ဟာ ဂါဇာကမ်းမြောင်အတွက် ကုလသမဂ္ဂ အကူအညီဆိုင်ရာ အရေးကြီး အချက်အချာလည်း ဖြစ်ပါတယ်။
ဝန်ကြီး ဘလင်ကန်က “လိုအပ်နေတဲ့လူတွေကို အတတ်နိုင်ဆုံး ကူညီပေးဖို့ အရေးကြီးပြီးတော့ ဂါဇာကမ်းမြောင်ကို ရောက်ရှိရုံတင်မက ဂါဇာမှာရှိတဲ့ နေရာတိုင်းက လိုအပ်နေတဲ့သူတွေဆီ ရောက်ရှိအောင် ထိထိရောက်ရောက် အကာအကွယ်ပေးသင့်တယ်”လို့လည်း ပြောပါတယ်။
ဘလင်ကန်ဟာ သူ့ရဲ့သီတင်းတပတ်ကြာခရီးစဉ်အစ ဇန်နဝါရီ ၆ ရက်က တူရကီနဲ့ ဂရိ ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပြီး အဲဒီကနေမှ အစ္စရေး၊ အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း၊ ဂျော်ဒန်၊ ကာတာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဆော်ဒီအာရေဗျနဲ့ အီဂျစ်နိုင်ငံတွေဆီ သွားရောက်ဦးမှာဖြစ်ပါတယ်။
ဒီပဋိပက္ခ မပြန့်ပွားအောင် တားဆီးဖို့ အသေအချာကို အာရုံ စူးစိုက်ထားပါတယ်လို့ ဝန်ကြီး ဘလင်ကန်က ဂရိနိုင်ငံ၊ ဟာနီယာမြို့ကနေ ဂျော်ဒန်နိုင်ငံကို မသွားရောက်ခင်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတွေအနေနဲ့ ဂါဇာကမ်းမြောင်ပဋိပက္ခကို ထိန်းချုပ်ဖို့နဲ့ အဆုံးမဲ့အကြမ်းဖက်မှု သံသရာကို ဟန့်တားဖို့အတွက် ဒေသတွင်း ပါဝင်ပတ်သတ်သူတွေအပေါ် သူတို့ရဲ့ သြဇာကိုသုံးဖို့လိုတယ်လို့ ဘလင်ကန်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters