ဗြိတိန်လက်ဝှေ့ကျော် အန်တိုနီဂျိုရှူအာနဲ့ ကင်မရွန်း-ပြင်သစ် လက်ဝှေ့သမား ဖရန်စစ်အန်ဂါနူတို့ရဲ့ ယှဉ်ပြိုင် ထိုးသတ်ပွဲကို လာမယ့် မတ်လအတွင်း ဆော်ဒီနိုင်ငံမှာ ကျင်းပမယ်လို့ ပွဲစီစဉ်သူ အက်ဒီဟန်းက ပြောပါတယ်။
ဂျိုရှူအာရဲ့ ပြိုင်ဘက်ဟာ မူလက ခရိုအေးရှား လက်ဝှေ့သမားဟဲဂိုဗစ် ဒါမှမဟုတ် တရုတ်လက်ဝှေ့သမား ချန်လင်ကျောင်တို့ထဲက တစ်ဦးဦးနဲ့ သတင်းထွက်ခဲ့ပေမဲ့ နောက်ဆုံးမှာ UFC ဟဲဗီးဝိတ် ချန်ပီယံဟောင်း အသက် ၃၇ နှစ်အရွယ် အန်ဂါနူနဲ့ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာပါ။
ပွဲစီစဥ်သူ အက်ဒီဟန်းက“ကျနော်တို့ သူ့အတွက် ထိပ်တန်းပြိုင်ဘက်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ နောက်ဆုံးမှာ အန်ဂါနူနဲ့ ပွဲတည်ပေးနိုင်ခဲ့တာပါ။ ကြီးကျယ် ခမ်းနားတဲ့ ၁၀ ချီ ထိုးသတ်ပွဲကြီးကို ရီယက်ဒ့်မြို့မှာ မြင်တွေ့ရတော့မှာပါ”လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့တာပါ။
အသက် ၃၄ နှစ်ရွယ် ဂျိုရှူအာဟာ ပြီးခဲ့တဲ့နှစ်အတွင်း ထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ အမေရိကန် လက်ဝှေ့သမား ဖရန့်ကလင်း၊ ဖင်လန်လက်ဝှေ့သမား ဟယ်လန်နီးယက်စ်နဲ့ ဆွီဒီလက်ဝှေ့သမား အော်တိုဘယ်လင်တို့ကို အနိုင်ထိုးသတ်ထားသူ ဖြစ်ပါတယ်။
Photo-Reuters