ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇန်နဝါရီ ၇ ရက်က ကျင်းပခဲ့တဲ့ အငြင်းပွားဖွယ်ရာ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက လေးဆက်မြောက် သက်တမ်းအဖြစ် ထပ်မံအနိုင်ရသွားပါတယ်။
ရှိတ်ခ်ဟာဆီနာရဲ့ အဝါမီလိဂ်ပါတီနဲ့ မဟာမိတ်ပါတီတွေဟာ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် နေရာ ၃၀၀ အနက်မှာ အနည်းဆုံး ၁၅၂ နေရာမှာ အနိုင်ရခဲ့လို့ ရှိတ်ခ်ဟာဆီနာအနေနဲ့ ဝန်ကြီးချုပ် အဖြစ် နောက်ထပ် သက်တမ်း ၅ နှစ်ထမ်းဆောင်ရဖို့ရှိနေပါတယ်။
အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) နဲ့ မဟာမိတ် ပါတီငယ်တချို့က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး အကြမ်းဖက်မှုတွေ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပွားခဲ့ပါတယ်။
ရွေးကောက်ပွဲမှာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအများစုက မဲမပေးခဲ့ကြပါဘူး။ ဇန်နဝါရီ ၇ ရက် မဲရုံမပိတ်မီ ၁ နာရီအလို ဒေသစံတော်ချိန် ညနေ ၃ နာရီအထိ မဲရှင် စုစုပေါင်းရဲ့ ၂၇ ဒသမ ၁၅ ရာခိုင်နှုန်းသာ မဲလာပေးခဲ့ကြတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
မဲမသမာမှုတွေကြောင့် မဲရုံ ၃ ရုံက မဲတွေကို ဖျက်သိမ်းခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးတစ်ဦးက ပြောပါတယ်။ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ စုစုပေါင်းမဲပေးသူ ၈၀ ရာခိုင်နှုန်းကျော် ရှိခဲ့တာ ဖြစ်ပါတယ်။
လူသန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်ဟာစီနာရဲ့ အဝါမီလိဂ်ပါတီက တစ်ပါတီ အုပ်ချုပ်မှုစနစ်ကို ကျင့်သုံးသလို ဖြစ်နေမှာကို လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးထားပါတယ်။
ရွေးကောက်ပွဲ တရားဝင်မဲရလဒ်တွေကိုတော့ ဇန်နဝါရီ ၈ ရက်မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
Source/Photo - Reuters