Home
နိုင်ငံတကာ
အင်ဒိုနီးရှားရွေးကောက်ပွဲ အကြိုကာလ၌ သမ္မတလောင်းကိုယ်စားလှယ် အန်းနိစ် လူကြိုက်များမှု မြင့်တက်
DVB
·
January 8, 2024
Anies Baswedan_08012024

ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတသစ်ရွေးချယ်မယ့် ရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်းပတ် ၅ ပတ်ကျော်လောက်သာ လိုပါတော့တယ်။

သမ္မတလောင်း ကိုယ်စားလှယ် အန်းနိစ်ဘတ်စ်ဝီးဒန်ဟာ သူ့နိုင်ငံမှာ ဒီမိုကရေစီတန်ဖိုးတွေ ယိုယွင်းလာတာနဲ့ ဝင်ငွေမညီမျှတာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မဲဆွယ်ကတိတွေနဲ့အတူ ပြည်သူတွေအကြား လူကြိုက်များမှု ဒုတိယအဆင့်ကို ရောက်လာပါတယ်။

အသက် ၅၄ နှစ်အရွယ် အန်းနိစ်က “ကျနော်တို့ ကမ်းလှမ်းတာက အပြောင်းအလဲပါ။ ပြည်သူတွေ ဘဝလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ပါ” လို့ အင်ဒိုနီးရှားရဲ့ လူအထူထပ်ဆုံး အနောက်ဂျာဗားပြည်နယ်အတွင်း မဲဆွယ်လှည့်လည်ချိန်မှာ ပြောပါတယ်။

ဂျကာတာမြို့ အုပ်ချုပ်ရေးမှူးဟောင်းဟာ လူကြိုက်များမှုရာခိုင်နှုန်း တိုးလာနေပေမဲ့ လက်ရှိ အာဏာရပါတီရဲ့ သမ္မတလောင်းကိုယ်စားလှယ် ဂန်ဂျာပရာနိုဝို၊ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တို တို့နဲ့တော့ ပုခုံးချင်းယှဉ် ရင်ဘောင်တန်းနေဆဲဖြစ်လို့ ရွေးကောက်ပွဲဟာ အကြိတ်အနယ် ဖြစ်လိမ့်မယ်လို့ မီဒီယာတွေမှာ ခန့်မှန်း သုံးသပ်နေကြပါတယ်။

ဆယ်စုနှစ်တခုကြာ တာဝန်ယူခဲ့ပြီး သမ္မတရုံးကနေ အနားယူတော့မှာဖြစ်တဲ့ လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒိုကိုတော့ သူ့ရဲ့ဩဇာကို ဆက်ထိန်းဖို့ ကြိုးစားနေတယ်လို့ အများက ရှုမြင်နေပြီး အစိုးရ အကြီးတန်းအရာရှိတွေ အပါအဝင် နိုင်ငံသားအများအပြားကလည်း ရှုတ်ချနေကြပါတယ်။

အောက်တိုဘာလကတုန်းက ဂျိုကိုဝီရဲ့ ယောက်ဖက ဦးဆောင်ပြီး အခြေခံဥပဒေခုံရုံးမှာ ရွေးကောက်ပွဲ အရည်အချင်းပြည့်မီမှု စံနှုန်းတွေကို ပြုပြင်ပြောင်းလဲခဲ့ပြီးနောက် သမ္မတရဲ့ သားကို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုခဲ့ပါတယ်။

ဒီစီရင်ချက်ဟာ အရင်သမ္မတဟောင်း ဆူဟာတိုရဲ့ ဆယ်စုနှစ် အများကြီးကြာအောင် အုပ်ချုပ်မှုရဲ့ သွင်ပြင်လက္ခဏာဖြစ်တဲ့ ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒနဲ့ အာဏာရှင်က နောက်လိုက်မွေးတဲ့ နိုင်ငံရေးဆီ ပြန်ရောက်မှာကို စိုးရိမ်စိတ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကမ္ဘာ့မွတ်စလင်ဦးရေ အများဆုံးနိုင်ငံဖြစ်ပေမဲ့ အင်ဒိုနီးရှားဟာ ဘာသာရေးနဲ့ တရားဝင် မပတ်သက်ဘဲ နိုင်ငံအတွင်း ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ တခြား လူ့အဖွဲ့အစည်းတွေ အင်အားအတော်ကြီးကြီးမားမား ရှိနေပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024