ကရင်နီပြည်၊ လွိုင်ကော်မြို့၊ လွိုင်ကော်တက္ကသိုလ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက် လွိုင်ကော်တက္ကသိုလ်က ကျောင်းသားတွေဟာ တောင်ကြီးတက္ကသိုလ်မှာ သွားရောက် ကျောင်းတက်နေကြတယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ လွိုင်ကော်တက္ကသိုလ်ကို သိမ်းပိုက်ထားနိုင်တာကြောင့် သင်တန်းအားလုံး ပိတ်လိုက်ရပြီး အဲဒီကကျောင်းသားတွေကို တောင်ကြီးတက္ကသိုလ်မှာ ပြောင်းရွှေ့ တက်ရောက်စေတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနက အရာရှိတယောက်က ပြောပါတယ်။
“တချို့ ကျောင်းသားကျောင်းသူတွေကတော့ သွားလာရေးအခက်အခဲကြောင့် ကျောင်းတက်နိုင်တာမျိုးတော့ မရှိသေးဘူး။ အဝေးကလာတဲ့ ကျောင်းသားတွေအတွက် အဆောင်နေဖို့ စီစဉ်ပေးထားတယ်” လို့ သူက ပြောပါတယ်။
လွိုင်ကော်တက္ကသိုလ်က နေ့သင်တန်း ကျောင်းသားကျောင်းသူတွေအတွက်ပဲ တောင်ကြီးတက္ကသိုလ်မှာ တက်ဖို့စီစဉ်ပေးထားတာဖြစ်ပြီး အဝေးသင်တွေအတွက်တော့ မစီစဉ်ပေးနိုင်သေးဘူးလို့လည်း သိရပါတယ်။ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လွိုင်ကော်မှာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်လာတာတွေကြောင့် လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းနဲ့ မိသားစုတွေ၊ စက်မှုကျောင်းက ဝန်ထမ်းတွေ အပါအဝင် ၂၀၄ ယောက်တို့ကို ကရင်နီပူးပေါင်းတပ်တွေက ဘေးလွတ်ရာကို ကယ်ခဲ့ထုတ်ခဲ့ရပြီး နောက်နောင် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ခံဝန်ထိုး ပြန်လွှတ်ပေးခဲ့ပါတယ်။