ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ရာ တိုက်အမိုးပေါ်မှာ ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီခွဲလောက်က ဆောင်းခိုလင်းတငှက်အကောင် ၅၀ ကျော် လာရောက်နားခဲ့ပြီး လေးခွနဲ့ပစ်ခတ်ခံရလို့ ၃ ကောင် သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
အဲဒီ ငှက်တွေဟာ ဆောင်းရာသီကို တိမ်းရှောင်ဖို့ ဟိမဝန္တာဘက်ကနေ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံဘက်ကို နှစ်တိုင်း ပျံသန်းနေကြတဲ့ ငှက်တွေ ဖြစ်ပါတယ်။
အိမ်ရာ နေထိုင်သူတွေက လာနားနေတဲ့ လင်းတငှက်တွေကို မောင်းထုတ်ခိုင်းတာကြောင့် လုံခြုံရေးအစောင့်တွေက ညနေ ၆ နာရီကျော်လောက်မှာ လေးခွနဲ့ ပစ်ခတ် ခြောက်လှန့်ခဲ့ကြပြီး ပျံပြေးလာတဲ့ လင်းတတွေကို ရပ်ကွက်နေသူတချို့က ထပ်မံ ရိုက်နှက်ခဲ့ကြပါတယ်။
ဆောင်းခိုဖို့ရောက်ရှိလာတဲ့ လင်းတငှက်တွေနဲ့ပတ်သက်လို့ မှတ်တမ်းယူဖို့ ရောက်ရှိလာတဲ့ ငှက်ဝါသနာရှင်တွေ ရောက်ရှိချိန်မှာတော့ သေဆုံးပြီးသား ငှက် ၃ ကောင်နဲ့ အရှင် ၁ ကောင်ကို တွေ့ရှိခဲ့ကြပါတယ်။
ရန်ကုန်မြို့နေငှက်ဝါသနာရှင်တယောက် “သူတို့က ယိုးဒယားကိုပြန်ပြီး ဆောင်းခိုမှာပါ။ နှစ်စဉ်လည်း ညောင်တုန်း၊ အင်းတကော်၊ ကွမ်းခြံကုန်းတို့ဘက်မှာလည်း ကျတယ်။ ဒီနေ့တွေ့တဲ့ မှတ်တမ်းအရ အကောင်အစိတ်လောက် တွေ့ပါတယ်။ မနေ့ညက ရပ်ကွက်က တွေ့တာတော့ အကောင် ၅၀၊ ၆၀ လောက်ရှိတယ်။ မနေ့က ၄ နာရီ ခွဲလောက်မှာ ဒဂုံဆိပ်ကမ်းက အိမ်ရာတခုမှာ စတွေ့တာ။ အရမ်းကို ဆိုးရွားတဲ့ဟာကို တွေ့ခဲ့ရတယ်။ အိမ်ရာကလူတွေက လင်းတငှက်သည် ခိုက်တယ် ဆိုပြီးတော့ လုံခြုံရေးတွေကတက်ပြီး မောင်းချတယ်။ လေးခွနဲ့ပစ် ခြောက်လှ့န်တယ်။ ဒီမနက် ရောက်တော့ ငှက်တွေက ၃ ကောင် သေသွားတယ်။ ညက မောင်းချတဲ့အချိန်က ဒီကောင်တွေက ထီးထီးကြီးဖြစ်နေတာ။ ရပ်ကွက်က မသိတဲ့အခါကျတော့ ရိုက်ချပစ်လိုက်တာမျိုးရှိတယ်” လို့ ပြောပါတယ်။
လင်းတငှက်တွေထဲက လင်းတကျောဖြူ၊ လင်းတနှုတ်သီးရှည်၊ ဟိမဝန္တာလင်းတ၊ လင်းတမဲ၊ လင်းတခေါင်းနီ စတဲ့ မျိုးစိတ် ၅ ခုကို ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) အရ မျိုးဆက်ပျက်သုဉ်းမယ့် အန္တရာယ်ရှိလို့ ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေထဲက စီးပွားရေးအလို့ငှာ မွေးမြူနိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေ အဖြစ် သစ်တောဦးစီးဌာနက ၂၀၂၀ ခုနှစ် ဇွန် ၃ ရက်နေ့က သတ်မှတ်ခဲ့ပါတယ်။
ငှက်ဝါသနာရှင်တွေက ရပ်ကွက်နေသူတွေကို လင်းတငှက်အကြောင်းကို ရှင်းပြခဲ့တာကြောင့် လင်းတငှက်တွေကို အစာကျွေးဖို့နဲ့ ဖမ်းမိထားတဲ့ လင်းတငှက်တွေကို ပြန်လွှတ်ပေးဖို့ကို ရပ်ကွက်နေသူတွေပါ ပူးပေါင်းပါဝင်လှူဒါန်းခဲ့ကြတယ်လို့ သိရပြီး မြန်မာနိုင်ငံ ငှက်မျိုးစိတ်တွေနဲ့ ပတ်သက်လို့ Bird In Nature (BIN) အဖွဲ့က ကူညီပေးနေတယ်လို့ သိရပါတယ်။
၁၉၉၄ ခုနှစ်၊ ဇွန် ၈ ရက်နေ့က ပြဋ္ဌာန်းထားတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်များ ကာကွယ်ရေးနဲ့ သဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၆(က) အရ ကာကွယ်ထားထဲ့ တောရိုင်းတိရစ္ဆာန်ကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်တာ၊ အမဲလိုက်တာ ဒါမှမဟုတ် အနာတရဖြစ်အောင် လုပ်မိရင် ထောင်ဒဏ် ၅ နှစ် အထိနဲ့ ငွေဒဏ် ကျပ် ၃၀,၀၀၀ အထိ ချမှတ်နိုင်ပါတယ်။