ပါလက်စတိုင်း လိုလားတဲ့ ဆန္ဒပြသူတွေဟာ ဇန်နဝါရီ ၆ ရက်နေ့မှာ လန်ဒန်မြို့ က ဗြိတိန်ပါလီမန် လွှတ်တော် ပြင်ပက လမ်းတွေ ပိတ်ဆို့ထားလိုက်ပြီး အစ္စရေး-ဟားမတ်စ် ပဋိပက္ခ ချက်ချင်း အပစ်အခတ် ရပ်စဲရေး တောင်းဆိုနေကြပါတယ်။
လန်ဒန်မှာလည်း အခြားအနောက်ကမ္ဘာက မြို့ကြီးတွေမှာလိုပဲ အစ္စရေးရဲ့ ဂါဇာကို ဗုံးကြဲမှုရပ်တန့်ရေး ပုံမှန် ဆန္ဒပြ တောင်းဆိုမှုတွေ ရှိနေပါတယ်။
၂၀၂၃ အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြွတွေက အစ္စရေးကို ဝင်တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီအတွက် ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်ကို နှိမ်နင်းဖို့ အစ္စရေးက လေကြောင်းက ဗုံးကြဲခဲ့သလို တပ်တွေပါ ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် ဂါဇာမှာ သေဆုံးသူ ၂၂,၇၂၂ ဦး ရှိလာပြီလို့ ပါလက်စတိုင်း ကျန်းမာရေးဌာနတာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
ဝက်စ်မင်စတာတံတားကို ဖြတ်ပြီး ချီတက်ဖို့ လုပ်နေတဲ့ ဆန္ဒပြသူတွေဟာ ဟန့်တားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တိုးခဲ့ကြပါတယ်။ လူမှုကွန်ရက်တွေမှာ တက်လာတဲ့ ဗွီဒီယိုတွေအရ ရဲတွေက ဆန္ဒပြတဲ့သူတွေ တံတားမကျော်အောင် ပိတ်ထားပြီး လုံးထွေးသတ်ပုတ်မှုတချို့လည်း ရှိခဲ့ပါတယ်။ တံတားကို ကျော်မရတဲ့နောက် ဆန္ဒပြသူတွေဟာ ကြွေးကြော်သံစာသားတွေ ထောင်ပြီး ပတ်ဝန်းကျင် လမ်းတွေကို ပိတ်ဆို့ထားလိုက်ကြပါတယ်။
ဆန္ဒပြတဲ့ နေရာကို ကန့်သတ်တဲ့ အမိန့်ထုတ်ထားတာရှိပြီး ညနေ ၃ နာရီမတိုင်ခင် လူစုခွဲရမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ခရစ္စမတ်ကာလနားနေတဲ့ ယူကေ ပါလီမန် အစည်းအဝေးတွေကို လာမယ့်တနင်္လာနေ့မှာ ပြန်ကျင်းပမှာ ဖြစ်ပါတယ်။
Source/Photo - REUTERS/Hollie Adams