Home
မြန်မာသတင်း
အဆိပ်ရှိအကောင် ကိုက်ခံရသည့်ကလေးငယ် ဆေးရုံပြောင်းရင်း သေဆုံး
DVB
·
January 7, 2024
Poison Creature_07012024

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်မှာ အသက် ၄ နှစ်ခွဲအရွယ် မိန်းကလေးတယောက် အဆိပ်ရှိ အကောင်ကိုက်ခံရတာကြောင့် ဆေးရုံ ၂ ရုံ လွှဲပြောင်းကုသပေမဲ့ သေဆုံးသွားတယ်လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။ 

မြောက်ဒဂုံ ၄၈ ရပ်ကွက်၊ အောင်တံခွန်လမ်းမှာ နေထိုင်တဲ့ ကလေးငယ်ဟာ ဇန်နဝါရီ ၆ ရက် နေ့လယ် ၁၂ နာရီကျော်က အိမ်ရှေ့မှာ ဆော့ကစားရင် မျက်လုံးပြာပြီး အော့အန်တာကြောင့် မိသားစုဝင်တွေက ကန်စွန်းရွက်အရည် တိုက်ခဲ့ကြပါတယ်။

ဝန်းရံမှူး လူမှုကူညီရေးအသင်းတာဝန်ရှိသူက “အကောင်ကိုက်ခံရတာကို ကလေးဆိုတော့ မသိတော့ ကြွက်ကိုက်ခံရတာလို့ပဲ ပြောတာ။ ညာဘက် လက်ဖမိုးမှာလည်း အပေါက် ၂ ပေါက်နဲ့။ အသင်းကိုရောက်တော့ ကလေးက အဆိပ်တက်နေပြီ။ မြောက်ဥက္ကလာဆေးရုံရောက်တော့ ဒါကလည်း ကလေးဆိုတော့ ရန်ကင်း ကလေးဆေးရုံကို ထပ်လွှဲပေးတာ။ ကလေးဆေးရုံရောက်တော့ မမီတော့ဘူး။ ဆုံးပါးသွားပါတယ်လို့ ပြောပါတယ်။

နေ့လယ် ၁ နာရီလောက်မှာ ဝန်းရံမှူး ကယ်ဆယ်ရေးအသင်းယာဉ်နဲ့ မြောက်ဥက္ကလာပ မေဓာဝီဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပြီး အဲဒီဆေးရုံကတဆင့် ရန်ကင်းကလေးဆေးရုံကို သွားရောက်ကုသခိုင်းခဲ့တာ ဖြစ်ပါတယ်။

ကလေးမိသားစုဝင်တယောက်က “နေ့လယ် ၁ နာရီလောက်မှ သိတာ။ သူက ကြောင်ပန်းရွက်တွေခူးပြီးတော့ အိမ်ပေါ်မှာ ဆော့နေကျပါ။ အိမ်နားမှာလည်း သစ်ပုံ အဟောင်းရှိတယ်။ ကလေးက မျက်လုံးတွေပြာလာပြီး ခေါင်းမူးတယ်ပြောတယ်။ အန်လည်း အန်လာလို့ အစာအဆိပ်သင့်တယ်ထင်ပြီး ကန်စွန်းရွက်ထောင်းတိုက်တာတွေ လုပ်ခဲ့ပါသေးတယ်။ လက်က ဒဏ်ရာတော့မသိလိုက်ဘူး။ ကလေးဆုံးသွားတာ‌တော့ နေ့လယ် ၂ နာရီကျော်လောက်ပါ” လို့ ပြောပါတယ်။ 

ရန်ကင်းဆေးရုံမှာ ကုသ‌ခဲ့ပေမဲ့ လက်ဖမိုးမှာ မြွေကိုက်ထားသလို ထိုးသွင်းရာ ၂ ပေါက် ရှိနေတဲ့ အသက် ၄ နှစ်ခွဲအရွယ် မအိန္ဒြာကျော်ဟာ မွန်းလွဲ ၂ နာရီကျော်မှာ အဆိပ်တက် သေဆုံးသွားခဲ့ပါတယ်။ 

ရန်ကင်းဆေးရုံကနေ သေဆုံးသူ ရုပ်အလောင်းကို မိသားစုနေအိမ်ကို ပြန်ပို့ပေးထားပြီး အိမ်ကတဆင့် မေဓာဝီဆေးရုံ၊ ရင်ခွဲရုံကို Medical လူငယ်များအသင်းယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024