ဇန်နဝါရီ ၇ ရက်နေ့မှာ ကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲမှာတော့ အဓိက အတိုက်အခံပါတီကြီး သပိတ်မှောက်ထားတဲ့အတွက် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာရဲ့ အဝါမီလိဂ် ဦးဆောင်တဲ့ ညွန့်ပေါင်းအုပ်စုကပဲ လေးကြိမ်ဆက်တိုက် အနိုင်ရဖို့ရှိနေပါတယ်။
ဒီတကြိမ် အနိုင်ရရှိမယ်ဆိုရင် ဟာစီနာဟာ ၅ ကြိမ်မြောက် ဝန်ကြီးချုပ်နေရာ ရယူခွင့်ရမှာ ဖြစ်ပါတယ်။ ဒေသစံတော်ချိန်မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ မဲပေးကြမှာဖြစ်ပြီး တနင်္လာနေ့ကျရင် ကနဦးရလဒ် ထွက်ပေါ်လာမယ်လို့ ခန့်မန်းထားပါတယ်။
လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတယ် ဆိုပေမဲ့ တကယ်တမ်းမှာ တပါတီအုပ်စိုးမှုဆီကို ဦးတည်လာနေပြီလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပါတယ်။
အဓိကအတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (ဘီအင်န်ပီ) နဲ့ မဟာမိတ်ပါတီငယ်တွေ အားလုံးက ရွေးကောက်ပွဲကို သပိတ်မှောက်ထားကြပါတယ်။
၁၉၇၁ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၂ ကြိမ်မြောက် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက တောင်းဆိုထားကြပါတယ်။ မဲဆန္ဒရှင် သန်း ၁၂၀ ဟာ ယှဉ်ပြိုင်သူ ၂၀၀၀ ကျော်ထဲက အမတ် ၃၀၀ ကို တိုက်ရိုက် ရွေးကောက်တင်မြှောက်ရမှာ ဖြစ်ပါတယ်။
ဒီနှစ်မှာ တသီးပုဂ္ဂလဝင်ပြိုင်သူ ၄၃၆ ဦး ရှိပါတယ်။ အတိုက်အခံ ဘီအင်န်ပီကတော့ ဟာစီနာ အစိုးရဟာ ရွေးကောက်ပွဲ အကြိတ်အနယ်ရှိတဲ့ပုံစံဖြစ်အောင် ဟန်ပြ တသီးပုဂ္ဂလ အမတ်လောင်းတွေ ထည့်ထားတာလို့ စွပ်စွဲထားပါတယ်။
Source/Photo - Reuters