အိန္ဒိယ အာကာသသုတေသနအဖွဲ့က ပစ်လွှတ်လိုက်တဲ့ အာဒိတယာ-L1 နေစွမ်းအင်သုံး စူးစမ်းလေ့လာရေးမစ်ရှင်ဟာ မျှော်မှန်းထားတဲ့ ၄ လတာ ကာလအတွင်း ဦးတည်ချက်ပန်းတိုင်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ က ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။
“အိန္ဒိယက နောက်ထပ် အထင်ကရကိစ္စတခုကို ဖန်တီးနေတာဖြစ်ပြီး ဒါဟာ အရှုပ်ထွေးဆုံးနဲ့ အနုစိတ်ဆုံး အာကာသမစ်ရှင်တွေကြားထဲမှာ သိပ္ပံပညာရှင်တွေရဲ့ မဆုတ်မနစ် အပ်နှံမှုကို သက်သေပြလိုက်တာပဲ” လို့ X လူမှုမီဒီယာမှာ ဝန်ကြီးချုပ် မိုဒီ က ပို့စ်တင် ရေးသားထားပါတယ်။
စက်တင်ဘာ ၂ ရက်က လွှတ်တင်ခဲ့တဲ့ အဲဒီအာကာသယာဉ်ဟာ နာဆာရဲ့ အဆိုအရ ကမ္ဘာနဲ့ နေပတ်လမ်းကြောင်းအကြားနဲ့ လရဲ့ ပတ်လမ်းပြင်ပတို့ရဲ့ ဆွဲငင်အားလွှမ်းမိုးမှုအောက်မှာ ဟန်ချက်မျှတနေတဲ့ Lagrange Point 1 အမှတ်မှာ နေရာယူထားတယ်လို့ ဆိုပါတယ်။
အဲဒီနေရာကနေ နေအဖွဲ့အစည်းရဲ့ အလယ်ဗဟိုမှာရှိတဲ့ ကြယ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်မှာဖြစ်ပြီး ဆိုလာကိုရိုနာ လို့ခေါ်တဲ့ နေရဲ့အပြင်ဘက်ဆုံး လေထုအလွှာနဲ့ အာကာသရာသီဥတုအပေါ် သူ့ရဲ့လွှမ်းမိုးမှုကို စူးစိုက်လေ့လာနိုင်မယ် လို့ ဆိုပါတယ်။
အခန်း ၇ ခန်း ထည့်သွင်းတပ်ဆင်ထားတဲ့ အာဒိတယာ အာကာသယာဉ်ဟာ ခန့်မှန်းခြေ ၅ နှစ်တာလောက် အဲဒီနေရာမှာပဲ တည်ရှိနေပြီးတော့ နေကို အဝေးကနေအာရုံခံ စူးစမ်းလေ့လာနိုင်ဖို့ စီစဉ်ထားပါတယ်။
အာဒိတယာ-L1 အာကာသယာဉ်ဟာ နေရဲ့ ထူးဆန်းနက်နဲတဲ့အရာတွေကို ရှာဖွေတွေ့ရှိတော့မှာ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံရဲ့ ကမ္ဘာမြေသိပ္ပံဝန်ကြီး ဂျီတန်ဒရာ ဆင်းန် က စနေနေ့မှာ ပြောပါတယ်။
Source/Photo - Reuters