Home
မြန်မာသတင်း
နိုင်ငံရေးပါတီများ လုံခြုံရေးပါဝင်ကူညီ သတင်းပေးကြရန်  စစ်ခေါင်းဆောင် အကူအညီတောင်း
DVB
·
January 7, 2024
Min Aung Hlaing meet UEC 1_07012024

နိုင်ငံရေးပါတီတွေအနေနဲ့ တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်မှာ လုံခြုံရေးမှာ ဝိုင်းဝန်းကူညီ သတင်းပေးကြဖို့  အာဏာသိမ်းစစ်ခေါင်းဆောင်က အကူအညီ တောင်းခံလိုက်ပါတယ်။

ဇန်နဝါရီ ၆ ရက် မနက် ၉ နာရီက နေပြည်တော်ရှိ စစ်ကောင်စီရုံးမှာ မှတ်ပုံတင်ကျပြီးသား နိုင်ငံရေးပါတီ ၃၉ ပါတီက  ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံရာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအရ ဖြစ်ပေါ်လာတဲ့ ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်မှု နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားလာတဲ့အတွက် နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပေါ်လာတယ်လို့လည်း လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်က  ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်ဖို့ ကြန့်ကြာနေတယ်ဆိုတာ လက်ရှိမှာ PDF တွေရော လက်နက်ကိုင်တွေရော စစ်တပ်ကို တိုက်နေတယ်။ ဒါကို ပါတီတွေအနေနဲ့ ဝိုင်းကူညီဖို့ လိုတယ်။ ပြည်သူတွေရဲ့ လုံခြုံရေးကို သတင်းပေးဖို့လည်းလိုတယ်”လို့ ပြောပါတယ်။

ရွေးကောက်ပွဲကို မကြာမီကာလအတွင်း ကျင်းပသွားမှာဖြစ်ပြီး ရွေးကောက်ပွဲ မြန်ဆန်ရေးအတွက် နိုင်ငံရေးပါတီတွေကလည်း စစ်တပ်ကို အကြမ်းဖက်လှုပ်ရှားသူတွေရဲ့ သတင်းပေးဖို့ စစ်ခေါင်းဆောင်က ပြောခဲ့တယ်လို့ တက်ရောက်ခဲ့တဲ့ပါတီ ဒုက္ကဋ္ဌ တဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“တပ်က ပါတီတွေနဲ့ တွေ့တယ်။ ထူးခြားမှုမရှိဘူး။ တပ်က ရွေးကောက်ပွဲလုပ်ပေးမယ်၊ လုံခြုံရေးမှာ ပါတီတွေက ကူညီပေးဖို့ တပ်ကို သတင်းပေးဖို့ပြောတယ်။ ရွေးကောက်ပွဲကို နယ်မြေအေးချမ်းတဲ့နေရာတွေမှာ လုပ်မယ်။ ပါတီတွေဘက်က မြေနေရာတောင်းတဲ့သူတွေ Deposit တင်ထားတဲ့ ကျပ် သိန်းတထောင် ပြန်ထုတ်ပေးဖို့ ပြောတဲ့သူတွေရှိတယ်”လို့ ပြောပါတယ်။

နိုင်ငံရေးပါတီ ၃၉ ပါတီနဲ့တွေ့ဆုံပွဲကို စစ်ခေါင်းဆောင်အပြင် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီး ဒေါက်တာ သီတာဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ဝင်တွေ၊ ကော်မရှင်အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲဟာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီတွေနဲ့ ပထမဆုံး အကြိမ်တွေ့ဆုံမှု ဖြစ်ပြီး နိုင်ငံရေးပါတီ ၄၅ ပါတီကို ဖိတ်ကြားခဲ့ရာ ၃၉ ပါတီသာ တက်ရောက်ခဲ့ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013