မလေးရှားနိုင်ငံ၊ ပီရတ်ပြည်နယ်၊ ကူလာကူရာကီ ရေပိုင်နက်ထဲမှာ အထောက်အထား စာရွက်စာတမ်း မပါရှိဘဲ တရားမဝင်ငါးဖမ်းနေတဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို ဇန်နဝါရီ ၅ ရက်က ဖမ်းဆီးခဲ့တယ်လို့ မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကူလာကူရာကီ ရေကြောင်းညွှန်ကြားရေးမှုး အာဇမ်ဟာမစ် ဦးဆောင်တဲ့ မလေးရှားရေကြောင်း ကင်းလှည့်စက်လှေအဖွဲ့ဟာ ပီရတ်ပြည်နယ် ကလမ်ပန်ကျွန်းရဲ့ ၁၇ မိုင်အကွာမှာရှိတဲ့ ကူလာကူရာကီ ရေပိုင်နက်မှာ ငါဖမ်းနေတဲ့ မသင်္ကာဖွယ်ရာ ငါးဖမ်းလှေတစီး တွေ့ရှိတဲ့အတွက် စစ်ဆေးခဲ့ပါတယ်။
ငါးဖမ်းလှေပေါ်မှာတွေ့တဲ့ အသက် ၄၂ နှစ်နဲ့ ၄၄ နှစ်ကြား မြန်မာနိုင်ငံသား ၃ ယောက်ဟာ အထောက်အထားစာရွက်စာတမ်း မပါရှိတဲ့အပြင် လှေဟာလည်း နိုင်ငံခြားသားတွေ အလုပ်လုပ်ပိုင်ခွင့် မှတ်ပုံမတင်ထားဘူးလို့ ကူလာကူရာကီ ရေကြောင်းညွှန်ကြားရေးမှုး အာဇမ်ဟာမစ်က ပြောပါတယ်။
“လှေက လိုင်စင်ရှိတယ်ဆိုပေမယ့် နိုင်ငံခြားသားလုပ်ပိုင်ခွင့်တော့ မတင်ထားပါဘူး။ လှေမှာက ပိုင်ရှင်လည်း မပါခဲ့ဘဲ မြန်မာနိုင်ငံသား ၃ ယောက်သာ ပါခဲ့ပါတယ်။ သူတို့ ၃ ယောက်လုံးဟာလည်း မလေးရှားမှာ နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်း မပါရှိပါဘူး။ ဖမ်းဆီးခဲ့တဲ့ မြန်မာနိုင်ငံသား ၃ ယောက်နဲ့ သိမ်းဆည်းခဲ့တဲ့ လှေနဲ့ ငါးဖမ်းပစ္စည်းတွေကို မလေးရှား စုံစမ်းစစ်ဆေးရေးအရာရှိဆီ အပ်နှံခဲ့ပါတယ်”
ဖမ်းဆီးခဲ့တဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို အထောက်အထားစာရွက်စာတမ်း မပါရှိတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၆(၁)(ဂ) နဲ့ တရားစွဲခဲ့သလို နိုင်ငံခြားသား အလုပ်လုပ်ပိုင်ခွင့်မရှိတဲ့ လှေပေါ်မှာ ပိုင်ရှင်မပါဘဲ အလုပ် လုပ်ကိုင်ခဲ့တဲ့အတွက် ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၈(ခ) နဲ့ပါ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ကလည်း မလေးရှားနိုင်ငံ၊ ဆီလန်ဂါပြည်နယ်မှာ တရားမဝင် ငါးဖမ်းခဲ့တဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကို မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။