ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ ဒေသ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီးလုပ်နေတဲ့ လောင်းကစားဝိုင်းတွေကို သတင်းပေး တိုင်ကြားတာ၊ လူမှုကွန်ယက်ပေါ်တင်တာတွေလုပ်ရင် တိုင်ကြားတဲ့သူကိုပဲ ဖမ်းဆီးမယ်လို့ အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ပြောဆိုနေတာကြောင့် မတိုင်ရဲ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ အပိုင်နယ်မြေရဲစခန်းက နယ်ထိန်း ဆိုသူတွေ ပေါင်းပြီး တရားမဝင်တဲ့ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ နှစ်လုံးထီ၊ ခြောက်ကောင်ဝိုင်း စတဲ့ လောင်းကစားတွေကို ပေါ်ပေါ်တင်တင် လုပ်နေတာလို့ ဆိုပါတယ်။
အဲဒီ လောင်းကစားဝိုင်းတွေနဲ့ ပတ်သက်လို့ အထက်အဆင့်ဆင့်ကို တိုင်တာ၊ လူမှုကွန်ယက်ပေါ် တင်တာတွေလုပ်ရင် တိုင်တဲ့သူကိုပဲ ဖမ်းဆီးမယ်လို့ ရဲတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ပြောဆို ခြိမ်းခြောက်တာလို့ သိရပါတယ်။
ဒေသခံတယောက်က “လောင်းကစားဝိုင်းတွေက မုန့်ဟင်းခါးရောင်းသလိုကို လုပ်နေတာ။ စစ်ကောင်စီရဲနဲ့ သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ကြတာပါ။ အဓိက နယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့တွေက ခေါင်းဆောင်းပြီး လုပ်ဖြစ်တော့ တရားဝင်သဖွယ် ဖြစ်နေတာပေါ့။ အလောင်းကစားတွေပေါလာလို့ သူခိုးတွေလည်းပေါလာ၊ ခါးပိုက်နှိုက်တွေလည်းပေါ၊ ဓားပြတိုက်တဲ့သူတွေလည်း ပေါလာတယ်။ ဒေသခံတယောက်အနေနဲ့ ရဲတိုင်လည်း မဖမ်းဘူး။ နယ်မြေခံအုပ်ကြီးကို တိုင်တော့လည်း တိုင်တဲ့သူပဲ ဖမ်းမယ်တဲ့။ တရားဥပဒေစိုးမိုးချက်တော့ ကမ်းကုန်” လို့ ပြောပါတယ်။
အဲဒီ တရားမဝင်တဲ့ လောင်းကစားဝိုင်းတွေကို မြန်အောင်မြို့နယ်၊ အင်ပင်တိုက်နယ် ထဲမှာရှိတဲ့ သခွပ်ကွင်း၊ တောကျွဲလူး၊ ငါးသိုင်းအင်း၊ အင်ပင်၊ ကြည်သာအေးဘုရား၊ ငှက်ကြီးကွင်း၊ လက်ပံကွင်း၊ ရွာသစ်ကုန်း စတဲ့ကျေးရွာတွေမှာ အများဆုံး လုပ်နေတာလို့ သိရပါတယ်။
မြန်အောင်မြို့နယ်မှာ လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် တရားဝင်သဖွယ် လုပ်လာပြီးနောက်ပိုင်း ဆိုင်ကယ်တွေ အခိုးခံရတာ၊ ကားဘက်ထရီအိုးတွေ အခိုးခံရတာ၊ ဆိုလာပြားတွေ အခိုးခံရတာအပြင် ဆွဲကြိုးအဖြတ်ခံရတာနဲ့ ပိုက်ဆံအလုခံရတာတွေ ဖြစ်ပွားလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “အဲဒီ လောင်းကစားဝိုင်းမှာ တော်တော် စည်စည်ကားကား လုပ်လာတာ။ လူငယ်တွေ စည်းကမ်းပျက်နေပါပြီ။ ဘဝတွေ ထပ်ပျက်တော့မှာမို့ မိဘတွေ၊ အဆင့်ဆင့် တာဝန်ရှိသူတွေက ထိန်းကျောင်းပေးစေချင်တယ်။ အဲဒီ လောင်းကစားဝိုင်း ရှိတဲ့နေရာမှာလည်း ပွဲဈေးအတိုင်း ဘာစားချင်လဲ ဘာသောက်ချင်လဲ အကုန်ရတာ တွေ့ရပါတယ်။ တရားဝင်သဖွယ် တွင်တွင်ကျယ်ကျယ် လုပ်နေတာကိုတွေ့ရတာပါ” လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ တရားမဝင် အလောင်းကစား ဝိုင်းတွေကို ငွေကြေးယူပြီး ခွင့်ပြုပေးထားလို့ တရားဝင်သဖွယ် ပေါ်ပေါ်တင်တင် လုပ်လာကြတာ တွေ့ရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။