Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် ပြည်သူ ၁၀ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
January 7, 2024
Ann_07012024

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းက ဒေသခံ ပြည်သူ ၁၀ ယောက်ကို ရက္ခိုင့်တပ်တော်(အေအေ)နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မနက် ၉ နာရီလောက်က အမ်းမြို့ ၃ မိုင်ကုန်းအနီး ကျောက်ကွင်းနားမှာ ပြည်မဘက်ကနေ ဝယ်ထားတဲ့ စားအုန်းဆီတွေကို တောလမ်းအတိုင်း သွားသယ်တဲ့ ပြည်သူ ၁၀ ယောက်ကို အေအေနဲ့ ဆက်စပ်တယ်လို့ စစ်ကောင်စီတပ်သားတွေက စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ အမ်းမြို့ ဒေသခံတယောက်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေကတော့ ထန်းချောင်းကျေးရွာက အသက် ၃၅ နှစ်အရွယ် ဦးငအောင်၊ အသက် ၄၅ နှစ်အရွယ် ဦးတင်၊ အသက် ၁၂ နှစ်အရွယ် မောင်ရဲ၊ မဲရွာက အသက် ၅၄ နှစ်အရွယ် ဦးရွှေနု၊ အသက် ၂၉ နှစ်အရွယ် ကိုနေလင်းဦး၊ အသက် ၅၄ နှစ်အရွယ် ဦးမြင့်နိုင်၊ အသက် ၂၅ နှစ်အရွယ် ကိုကျော်ထက်ခိုင်မြင့်၊ အသက် ၁၉ နှစ်အရွယ် ကိုဖိုးချစ်နိုင်၊ အသက် ၁၉ နှစ်အရွယ် ကိုထက်မြင့်နိုင်နဲ့ နှစ်မိုင်ကုန်းနား ကျောက်ကွင်းက ကိုဗေလုဝတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိကာလမှာ အပြစ်မဲ့ပြည်သူတွေကို မသင်္ကာတာနဲ့ အေအေနဲ့ဆက်စပ်တယ်လို့ ဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ပြီး အတင်းအဓမ္မ ဝန်ခံခိုင်းတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၃၀၀ ကျော် လောက်ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024