စစ်ရေးအခြေအနေတွေကြောင့် လမ်းကြောပိတ်နေပြီး စားသောက်ကုန်နဲ့ စက်သုံးဆီတွေကို ဈေးကြီးပေး ဝယ်ယူနေရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။
တမူးမြို့ခံတယောက်က “ကလေး-တမူးလမ်းက တိုက်ရိုက်မပွင့်ဘူး။ ဘုတ်ကန်-တမူး လမ်းပိတ်တာ ၃ လလောက်ရှိပြီ။ ကလေးကနေ ဘုတ်ကန်ထိ လာရတယ်။ ဘုတ်ကန်ကနေ တဆင့် အိန္ဒိယထဲကနေ တမူးဘက်ကို ဆိုင်ကယ်ကယ်ရီနဲ့ သွားလာကြရတယ်။ နောက်ပြီး ကလေးဝဘက်ကနေ ရေလမ်းကနေလည်း စက်သုံးဆီတွေတော့ ဝင်တယ်။ လမ်းကတော့ တိုက်ရိုက်မပေါက်တော့ ကုန်ပစ္စည်းတွေက ဈေးမြင့်တာပေါ့ဗျာ။ ကျန်းမာရေးကိစ္စ သွားရမယ်ဆိုရင်တော့ မလွယ်ဘူး” လို့ ပြောပါတယ်။
လက်ရှိ တမူးမြို့မှာ အောက်တိန်း 92 နဲ့ 95 ဓာတ်ဆီ တဂါလန်ကို ၂၈,၀၀၀ နှုန်းပေါက်နေပြီး ဒီဇယ်ဆီကတော့ တဂါလန်ကို ၂၆,၀၀၀ နှုန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။
တမူးမြို့ခံအမျိုးသမီးတယောက်က “လမ်းပိတ်တော့ နည်းနည်းဈေးတက်သွားတာပေါ့။ ဘယ်လိုပြောရမလဲဆိုရင် ကလေးဘက်ဝင်တဲ့ ခရမ်းချဉ်သီး၊ ကော်ဖီထုပ်၊ အာလူးတွေ ဈေးတက်တယ်။ ပစ္စည်းတွေ အရမ်းကြီးပြတ်သွားတာတော့ မဟုတ်ဘူး။ တချို့ ပြတ်တဲ့ ပစ္စည်းတွေလည်း ရှိတာပေါ့လေ” လို့ ပြောပါတယ်။
ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေ ဈေးနှုန်းကြီးမြင့်တာကြောင့် အသုံးစရိတ်ပိုများလာပြီး ငွေကြေးပိုကုန်ကျလို့ ဝင်ငွေ ထွက်ငွေ မညီမျှဘဲ အခက်တွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီ လမ်းကြော ပိတ်ဆို့ထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တမူး PDF ကို ဒီဗွီဘီက ဆက်သွယ်ရာမှာ တိုက်ပွဲအခြေအနေတွေကြောင့် ပိတ်ထားတာလို့ တပ်ရင်း ၄ ရဲ့ တာဝန်ခံက ပြောပါတယ်။