Home
နိုင်ငံတကာ
အစ္စရေးမြောက်ပိုင်းကို ဟစ်ဇ်ဘိုလာက ဒုံးကျည်များပစ်ခတ်
DVB
·
January 7, 2024
An Israeli artillery unit fires near the Israel-Gaza border

လက်ဘနွန်နိုင်ငံထဲက အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အစ္စရေးနိုင်ငံ မြောက်ပိုင်းတခွင်မှာ ဇန်နဝါရီ ၆ ရက်က အချက်ပေး ဥဩသံတွေ ဆူညံနေပါတယ်။

ကောင်းကင်မှာ ပေါက်ကွဲပုံနဲ့အတူ အနက်ရောင် မီးခိုးတန်းတွေကို မြင်နေရလို့ အစ္စရေး ကောင်းကင် ပိုင်နက်ထဲ ဝင်လာတဲ့ ဒုံးကျည်တွေကို အစ္စရေး ကာကွယ်ရေးတပ်တွေက ကြားဖြတ် ပစ်ချနေတယ်လို့ ယူဆရပါတယ်။

လက်ဘနွန်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အစင်း ၄၀ လောက်ဟာ မေရွန်ဒေသဆီ ဦးတည်နေတာ ဖော်ထုတ်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အစောပိုင်းမှာ ပြောပါတယ်။ အသေအပျောက် အပျက်အစီး သတင်းတော့ မရှိခဲ့ပါဘူး။ 

ဟားမတ်စ် လက်ထောက်အကြီးအကဲ ဆာလေး အယ်လ်ရူရီ အသတ်ခံရတဲ့အတွက် အင်္ဂါနေ့က ပဏာမတုံ့ပြန်မှုအဖြစ် အစ္စရေး စောင့်ကြည့်ရေးစခန်းကို ဒုံးကျည် ၆၂ စင်းနဲ့ ထိမှန်အောင် ပစ်ခဲ့တယ်လို့ ဟစ်ဇ်ဘိုလာက ပြောပါတယ်။ 

ဟားမတ်စ်အဖွဲ့ရဲ့  လက်ဘနွန် အခြေစိုက် မဟာမိတ် ဟဇ်ဘိုလာတွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဘေရွတ်မြို့တော်တောင်ပိုင်း ဆင်ခြေဖုံးမှာ မောင်းသူမဲ့လေယာဉ်နဲ့ အယ်လ်ရူရီ အသတ်ခံရပြီးတဲ့နောက် ဒေသအတွင်း တင်းမာမှုတွေ မြင့်တက်နေပေမယ့် အစ္စရေးက သူ့လက်ချက် ဟုတ်၊ မဟုတ် မငြင်းသလို ဝန်ခံမထားပါဘူး။  

Source/Photo - REUTERS/Tyrone Siu

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024