Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် ပေါက်တောဒေသခံ ၁ ဦးသေ၊ ကျောက်တော်တွင် မိုင်းနင်းမိပြီး အမျိုးသမီး ၁ ဦး ခြေထောက်ပြတ်
DVB
·
January 7, 2024
Kyauk Taw_07012024
Pauk Taw_07012024

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ဇန်နဝါရီ ၆ ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၁ ယောက်သေ၊ ၁ ယောက် ဒဏ်ရာရပြီး ကျောက်တော်မြို့နယ်မှာတော့ စစ်တပ်ရဲ့ မိုင်းကိုနင်းမိပြီး အမျိုးသမီး ၁ ယောက် ခြေတဖက်ပြတ်သွားပါတယ်။

ဇန်နဝါရီ ၆ ရက် ညနေပိုင်းမှာ ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာကို စစ်တွေ အခြေစိုက် ရဲတပ်ရင်း ၁၂ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသား ၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပေါက်တောမြို့ ဒေသခံတယောက်က ပြောပါတယ်။

သေဆုံးခဲ့သူဟာ သဝင်ချောင်းကျေးရွာက အသက် ၇၀ အရွယ် ဦးသိန်းထွန်းဦးဖြစ်ပြီး ဦးခေါင်းကို လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တာဖြစ်သလို အသက် ၄၅ နှစ်အရွယ် ဒေါ်ဦးခင်ဝင်းကတော့ ခြေထောက်မှာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်တောမြို့မှာ မနက် ၁၀ နာရီလောက်ကတည်းက ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ပြီး စစ်တွေအခြေစိုက် စစ်ကောင်စီရဲ့ ရဲတပ်ရင်း ၁၂ က လက်နက်ကြီးနဲ့ အချက်ရေ ၃၀ လောက်ပစ်ခတ်ခဲ့သလို ရေတပ်သင်္ဘောတွေကလည်း ပေါက်တောမြို့ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မြို့ပေါ်ရပ်ကွက် တချို့ မီးလောင်ကျွမ်းခဲ့တယ်လို့လည်း ပြောပါတယ်။

ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာ သကြားစက်နားက ဘုရားတောင်နားမှာ ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်က အမျိုးသမီး ၁ ယောက် မိုင်းနင်းမိပြီး ခြေထောက်တဖက် ပြတ်ထွက်ကာ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီမိုင်းဟာ ကျောက်တော်အခြေစိုက် စခက ၉ က စစ်ကောင်စီတပ်သားတွေ ထောင်ထားတာဖြစ်ပြီး ညောင်ပင်လှရွာမှာနေထိုင်တဲ့ အသက် ၅၉ နှစ်အရွယ် ဒေါ်မကျော်သိန်းဟာ လမ်းမတော်ရွာဘက်ကိုသွားနေတုန်း နင်းမိခဲ့တာလို့ ဆိုပါတယ်။

သူ့ရဲ့ ညာဘက်ခြေထောက် ပြတ်ထွက်သွားသလို နောက်ထပ်တဖက်ကလည်း အပြင်းအထန် ဒဏ်ရာရပြီး ဝမ်းဗိုက်မှာလည်း ဒဏ်ရာရတာကြောင့် ကျောက်တော်မြို့ ပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ ဇန်နဝါရီ ၃ ရက်နေ့ မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့ မနက်က တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်စတင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၆၀ လောက် သေဆုံးပြီး ၁၃၀ ကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024