(က)
တကယ့်ကို စိမ့်နေအောင်အေးတဲ့မနက်၊ အဘစောမူးသာတို့ခြံထဲက မန်ကျည်းပင်ကြီးရဲ့အောက် မီးဖိုကြီးဘေးမှာ ကောက်ညှင်းငချိတ်ပူပူကို နှမ်းထောင်းတွေ ငါးပိဖုတ်တွေနဲ့ ဆုပ်ဆုပ်ပြီးစားလိုက် ရေနွေးပူပူကြီးတွေကို မှုတ်မှုတ်ပြီးသောက်လိုက်နဲ့ နွေးအောင်ကြံဆောင်နေကြချိန်ပါဗျ။
အဘစောမူးသာရယ် စစ်ပြန်ကြီး အဘလုံးတုံးရယ် စိမ်းသရဖူစိမ်း အဘစိမ်းမောင်ရယ် ဖေကြီးရယ်။ အဘစောမူးသာက သူ့ဂစ်တာကလေးကိုတို့ထိရင်း သီချင်းလေးတစ်ပုဒ် ဆိုညည်းနေပါသဗျ။
“ဆင်သေကောင်သား နားဝယ် တ ဝဲ လ ည် လ ည် . . . . .
လိုက်ပါလို့ သွားတော့တယ်
သောင်နဲ့ကမ်းသွေ ကွာဝေးခဲ့ရတယ်
ပြန်လမ်းမရှိတဲ့ ငှက်ကျေးငယ်ဘဝရယ် . . .”
ဘယ်သံဝါဝါ ရင်ထဲကလာသည့်အသံကြီးဖြင့် လှိုက်လှိုက်ဖိုဖို သီဆိုနေသည်ကို နားဆင်ရင်း ကျွန်ုပ်တို့တတွေလည်း ဆောင်း၏အအေးဒဏ်ကိုပင် ခေတ္တမေ့သွားကြပါလေ၏။
သီချင်းဆုံးတော့ သူ၏မျက်လုံးတွေက ရီဝေဝေ။ ဒီရက်ထဲမှာ အဘစောမူးသာတစ်ယောက် ‘လားရှိုးသိန်းအောင်’ ၏ သီချင်းများကိုသာ တစ်ပုဒ်ပြီးတစ်ပုဒ် သီဆိုနေတာကို သတိထားမိပါ လေ၏။
“ ဒီရက်ထဲမှာ သူ့ကိုသတိရလို့ သူ့သီချင်းတွေချည်းပဲ ဆိုဖြစ်နေတာကွ”
“ဘာဖြစ်လို့သတိရနေတာလဲ မူးသာ”
အဘစိမ်းမောင့်အမေးကို အဘစောမူးသာက အပြုံးလေးနှင့် ဖြေပါ၏။ ဖက်ဆစ်တပ်တွေထဲမှာ ‘လားရှိုးသိန်းအောင်’ သီချင်းများ မဖွင့်ရ မဆိုရဟု အမိန့်ထုတ်ထားကြောင်းကြားသိရ၍ ပိုပြီးဆိုချင်စိတ်ဖြစ် ပေါ်လာကာ သီဆိုနေတာဟု ပြောပါ၏။
တိုင်းရင်းသားတပ်တွေနှင့် PDF ပူးပေါင်းတပ်တွေ မြန်မာပြည်တစ်နံတစ်လျားက ဖက်ဆစ်တပ်အခြေစိုက်စခန်းတွေ ဖက်ဆစ်တပ်အခြေချမြို့ကြီးတွေကို ဟောတစ်မြို့ ဟောတစ်မြို့ ဆိုသလို သိမ်းသိမ်းလာလိုက်တာ အခုဆိုရင် အတော်များများကို သိမ်းပိုက်ကာ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပြီး ပြင်ဦးလွင်မြို့အနီး လားရှိုးမြို့အနီးသို့တိုင်ရောက်ရှိနေကာ ‘လားရှိုး’ အားသိမ်းမှာကို မအလတွေ အသေကြောက်နေချိန်ဟုဆိုပါ၏။
“ဒီတော့ လားရှိုး သိမ်းအောင် (လားရှိးသိန်းအောင်) ဆိုတာ သူတို့အတွက် ထိတ်လန့်စရာ စကားလုံးတစ်ခု ဖြစ်နေတာပေါ့ကွာ”
“ကြင်စိုး သာ၀ မအလလည်း ဒီသီချင်းထဲကလိုပဲ ‘ဆင်သေပေါ်က ကျီးမိုက်’ အဖြစ်
နဲ့ စုန်းစုန်းမြုပ် နိဂုံးချုပ်တော့မှာဟ”
“ ဝါး . . . ဟားဟား ဟားဟား ဟားဟား”
အားလုံး ပေါ့ပေါ့ပါးပါး ရယ်ချလိုက်ချိန်မှာ အဘစိမ်းမောင်ကား မရယ်မပြုံး ရှုတည်တည်ကြီးပါ ခင်ဗျ။ အဘလုံးတုံးကလည်း “ ဒီ မအလတွေ ‘လားရှိုးသိန်းအောင်’ ကို ကြောက်တာ ခုမှမဟုတ်ဘူး၊ ဗိုလ်နေဝင်း လက်ထက်ကတည်းကကွ” ဟု ပြောလေရာ စိတ်ဝင်စားစရာပါပေ။
(ခ)
“ဦးနေဝင်းလက်ထက်ကတည်းက ‘လားရှိုးသိန်းအောင်’ကို ကြောက်ခဲ့တာလား”
“ဟုတ်တယ်ကွ ဖေကြီးရ၊ အဲသည်ခေတ်က စာနယ်ဇင်းတွေထဲမှာ ‘လားရှိုးသိန်းအောင်’ လို့ ရေးလို့မရဘူး၊ ‘ဂျင်မီဂျက်’ လို့ရေးမှ ‘ဆင်ဆာ’ လွတ်ခဲ့တာဟ”
“မူးသာ ပြောသလိုပဲ အဲသလောက်အထိကို ‘မဆလတွေ’ ‘လားရှိုးသိန်းအောင်' ကို ကြောက်ခဲ့ကြတာ”
အဘလုံးတုံးကလည်း ဝင်၍ပြောပြပါ၏။ ပြီးတော့ ‘လားရှိုးသိန်းအောင်’၏ ရာဇဝင်ကို ပြောပြလာလေရာ အင်မတန်မှပင် စိတ်ဝင်စားစရာပါပေ။
မြန်မာပြည်လွတ်လပ်ရေးရပြီးခါစက ကွန်ဗင့်ကျောင်းမှာနေတော့ သူ့နာမည် ဂျင်မီနဲ့ သူ့အဖေနာမည် ဂျက် ကို ပေါင်းစပ်ပြီး ' ဂျင်မီဂျက် ' ဖြစ်လာတာတဲ့။ သူ့အဖေဟာ ဗမာ့လွတ်လပ်ရေးကို အရယူရာမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အိန္ဒိယအမျိုးသားပြီး အမေကတော့ ကချင်သွေးပါတဲ့ မြစ်ကြီးနားဘက်က။
သူ့ချက်မြုပ်ကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့။ အရွယ်ရောက်တော့ နမ္မတူ ကွန်ဗင့် ကျောင်းမှာ ဘော်ဒါနေရင်းနဲ့ ကွာယာ (Choir) လို့ခေါ်တဲ့ ဓမ္မတေးတွေ သံစုံကျူးရင့်တာတွေ လိုက်ဆိုရင်းနဲ့ အဆိုပညာကို သက်ဝင်ခဲ့တယ်လို့ သိရပါတယ်။
နောက်ပိုင်း လာရှိုးပြန်ရောက်ပြီး ဘက်ပတစ်နှစ်ခြင်းခရိယာန် ဘုရားကျောင်းမှာ ဓမ္မတေးတွေ သီဆိုကျူးရင့် မေမြို့စိန်မိုက်ကယ်လ်ကျောင်းရောက်၊ အဲသည်က ဆရာမကြီးက သီချင်းဆိုနည်းတွေသင်ပေး၊ ဒီလိုနဲ့ အရွယ်ရောက်တော့ မြန်မာပြည် စတီရီယိုခေတ်ဦးမှာ ကိုယ်တိုင်ခုတ်ထွင်းပြီး လုပ်ရတဲ့ အကော့စတစ် (Acoustic) ဂစ်တာတွေနဲ့ ဒီကာလက လားရှိုး တခွင်မှာ ဝါသနာတူ သူငယ်ချင်း သုံးလေးငါးယောက်စုပြီး မင်္ဂလာဆောင်တွေ ဧည့်ခံပွဲတွေ မှာ သူတို့တတွေ မင်းမူနေတယ်လို့သိရပါ၏။
ဒီလိုနဲ့ မြို့တော်ရန်ကုန်က မြန်မာ့အသံ (Burma Broadcasting Service) မှာ ဒေသတွင်းလူငယ်
တွေရဲ့ ပင်ကိုယ်အစွမ်းအစကို မြှင့်တင်ပေးတဲ့ Local Talents Variety Show အစီအစဉ်ကနေ တစ်နိုင်ငံလုံးက ဝါသနာရှင်တွေအတွက် ပြိုင်ပွဲလုပ်ရာမှာ ဝင်ပြိုင်တော့ First Class အဆင့် A နဲ့ ပထမ ရခဲ့ပါတယ်။ သူ ပထမဆုံး အင်္ဂလိပ်လို ကိုယ်တိုင်စပ်ခဲ့တဲ့သီချင်းနဲ့ ကိုယ်ပိုင်တီးဝိုင်းနဲ့ ဆုရခဲ့တာပါတဲ့။
နောက်တော့ ဒီအစီအစဉ်အတွက် အင်္ဂလိပ်လို ကိုယ်တိုင် ရေးဆိုနေခဲ့ပြီး တီးခတ်ပေးတဲ့ သူငယ်ချင်းတွေကတော့ နောင်တချိန် မြန်မာ့စတီရီယိုလောကကို တခေတ်ထွန်းစေခဲ့သူတွေဖြစ်တဲ့ မြန်မာပြည်သိန်းတန်(လိဒ်)၊ ဗစ်တာခင်ညို (ရစ်သမ်)၊ ပလေးဘွိုင်းသန်းနိုင် (ဒရမ်မာ)တို့ ဖြစ်ကြပါတယ်တဲ့။
နောက်ပိုင်းတော့ အရင်လို လားရှိုးနဲ့ ရန်ကုန်လွန်းထိုးသွားမနေတော့ပဲ ရန်ကုန် တစ်ဖက်ကမ်း ဒလသင်္ဘောကျင်းမှာ A.E Marine Engineering ကျောင်းလာတက်နေပါတယ်တဲ့။ ရေကြောင်း အင်ဂျင်နီယာ ကျောင်းသားဘဝနဲ့ ရန်ကုန်တက္ကသိုလ်ထဲသွားရင်း မုဒ်ဝင်လာပြီး ဘွဲ့နှင်းသဘင်ရှေ့မှာ သူ့ရဲ့ ပထမဦးဆုံးမြန်မာစာသားနဲ့ရေးဖြစ်ခဲ့တဲ့ သီချင်းက ' မုန်းမုန်းမေ့မေ့ ' ပါတဲ့ ခင်ဗျ။
စတီရီယိုလောကမှာ လျှမ်းလျှမ်းတောက်ဖြစ်လာပြီးမှ ဂျင်မီဂျက် (ခေါ်) လားရှိုးသိန်းအောင် တစ်ယောက် ပျောက်သွားတာ ဘာကြောင့်လဲဆိုတာလည်း စိတ်ဝင်စားစရာပါ။ လားရှိုးနဲ့ ရန်ကုန် အသွားအပြန်လုပ်နေချိန်မှာပဲ လားရှိုးက' လွိုင်ကျေးစန့် ကာကွယ်ရေးတပ်ဖွဲ့' ထဲ ဝင်ထားလိုပါတဲ့။
၁၉၆၂ မတ်လမှာ အိမ်စောင့်အစိုးရလုပ်နေတဲ့ ဗိုလ်နေဝင်းက အာဏာအပြီးအပြတ်သိမ်းပြီး ၁၉၇၂ ခုနှစ်ရောက်တော့ ခြေကုပ်ရလာတဲ့ ဗိုလ်နေဝင်း ဖက်ဆစ်အစိုးရက ကာကွယ်ရေးတပ်တွေကို လက်နက်ချခိုင်းချိန်မှာ ဂျင်မီဂျက်တစ်ယောက် လက်နက်မချပဲ တောင်ပေါ်ကို တက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ ရှမ်းပြည်နယ်ခြားမျဉ်းတလျှောက် ကူးလူးနေခဲ့ပြီးနောင် ယိုးဒယားဘက် ခြေကုပ်ယူတော့ ကေအိုင်အေဥက္ကဋ္ဌ ဘရန်ဆိုင်းတို့ ထိုင်းအခြေစိုက် ခေတ်ပြိုင်သတင်းစာထူထောင်သူ ဦးတင်မောင်ဝင်း၊ ဦးရဲကျော်သူ (ပြည်ချစ်) တို့၊ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်သား ဒေါက် တာယူဂျင်းသိုက်တို့နဲ့အတူ ဒီမိုကရေစီအရေးတွေ လှုပ်ရှားနေခဲ့ပါတယ်တဲ့။
၁၉၇၂ ခုနှစ်မှာ အမိမြန်မာပြည်ကနေ ထွက်ခွာပြီး တောတွေတောင်တွေထဲကနေ နောက်ပိုင်း အမေရိကန်ပြည်ထောင်စုကိုရောက်ခဲ့ပါတယ်။ အဲသည်မှာပဲ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး မဆလအစိုးရက သူ့အနုပညာနာမည်' လားရှိုးသိန်းအောင် ' ဆိုတာကို ပြည်တွင်း စာနယ်ဇင်းတွေမှာ ' ဆင်ဆာ ' ပိတ်ထားတာ နှစ်ပေါင်းများစွာ ခံခဲ့ရပါတော့သတဲ့။
“နောက်ပိုင်း သူ အသက်အတော်ကြီးမှပဲ' ပြည်ဝင်ခွင့် ' ပြန်ရလို့ အမိမြန်မာပြည်ကို ခဏပြန်လာပြီး သူ့ပရိသတ်ပြည်သူတွေကို သီချင်းတွေနဲ့ နှုတ်ဆက်နိုင်တော့တယ်ကွာ”
“ အင်း . . . ' မဆလ ' ကြောက်ခဲ့ရတဲ့သူကို အခု ' မအလ ' လည်း ထပ်ပြီးကြောက် နေရပြန်ပါလား ဝေ့”
“ ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
ဒီနေ့စကားဝိုင်း၏ ခေါင်းစဉ်ကား ' လားရှိုးသိန်းအောင် ' ပင်ဖြစ်ပါပေ၏။ စကားဝိုင်းလည်းနိဂုံးချုပ် တော့မည်ဖြစ်၏။ အဘစိမ်းမောင်လည်း ပြန်ရန်ပြင်၍ ဖင်တကြွကြွဖြစ်နေလေပြီ။ အဘစောမူးသာက ပြုံးစိစိမျက်နှာနှင့် ဂစ်တာလက်ကွက်များကို ထပ်မံ၍ တို့ထိနေတာ မြင်ရပါလေ၏။
“နေပါအုံးဟ စိမ်းမောင်ရ . . . သီချင်းတစ်ပုဒ်တော့ နားထောင်သွားပါအုံးဟ“
“အေး . . . ဆိုကွာ၊ အဲဒါပြီးရင်ပြန်မယ်“
သည့်နောက်မတော့ 'လားရှိုးသိန်းအောင် ' ၏ နာမည်ကျော်သီချင်းတစ်ပုဒ်ဖြစ်သည့် 'အမေတစ်ခု သားတစ်ခု ' ၏ အင်ထရိုလေးဝင်လာကာ အဆိုပိုဒ်အရောက်မတော့ အဘစောမူးသာ၏ လက်တန်းစာမြှောင်ကပ် စာသားများကို ကျွန်ုပ်တို့ ဤသို့ကြားကြရ ခံစားကြရပါလေတော့ သတည်း။
“တချို့ကပြေး စစ်သည်လေးတွေ ပြန်လည်ကာလေ ခေါ်မရပေ . .
ဒီလိုပါပဲ . . . အဘရဲ့အဖြစ်တွေ
တကယ်တန်းလေ အရှုံးဝေ . . .”
“ ဒါပေမဲ့ အဘတယောက်မှာလေ
ပြန်လည်ဆုံဆည်းရဖို့ အခြေမလှပေ
တမ်းတလို့ မှန်းဆကာ
ပြေးကြရတဲ့ အဖြစ်ကလေးတွေ
ကြူကြူရေ မငိုနဲ့နော်လေ
ရှိခိုး ဦးချ ကန်တော့ကြပါဟေ . . .”
“ညအိပ်ရင်လည်း အိပ်မပျော်ပဲနေ
အခြေအနေဘယ်လို နေရှာမလဲလေ
အကြိမ်ကြိမ်ဆုတောင်း
အဘမိုက် အပြစ်တွေ
တကယ်တမ်းလေ ဂွမ်း နေ . . .”
“ စိန္တေမြတ်ဘုရားရှေ့မှာလေ
ပြန်လည်ဆုံဆည်းကြဖို့ ယတြာထွက်ချေ
အဘမွေးနေ့ မွေးရက်မှာ
တောင်းဆုပြုခဲ့တာ မနည်းပေ
ကြူ ကြူ ရေ မငိုနဲ့နော်လေ
ရှိခိုး ဦးချ ကန်တော့ရအောင်ဟေ . . . ။“
ဖေကြီး(လေရှီး)