စင်ကာပူနိုင်ငံက အမြန်ရထားလိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မြန်မာ အလုပ်သမားတယောက် ဇန်နဝါရီ ၄ ရက်နေ့က ပြုတ်ကျသေဆုံးခဲ့တယ်လို့ The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။
ဂျူရောင်ဒေသမှာ ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က အသက် ၂၇ နှစ်အရွယ် မြန်မာအလုပ်သမားတယောက်ဟာ အမြန်ရထားလိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ ၂၅ ပေအမြင့် တည်ဆောက်ဆဲ ပလပ်ဖောင်းအစွန်းကနေ ပြုတ်ကျခဲ့တာကြောင့် အလုပ်သမားတွေက အန်တန်ဖောင်ဆေးရုံကို ပို့ဆောင်ပေမဲ့ လမ်းမှာပဲ သေဆုံးခဲ့ပါတယ်။
ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်တယောက်က “သေဆုံးသွားတဲ့ အလုပ်သမားရဲ့ မိသားစုဝင်တွေကို ကျနော်တို့ ဝမ်းနည်းကြောင်း အလေးအနက်အထားပြောချင်ပြီး သူတို့ကို ထောက်ပံ့ကူညီတာတွေ ပေးဆောင်ဖို့အတွက် ကျနော်တို့ ကန်ထရိုက်တာတွေနဲ့ လုပ်ဆောင်နေပါတယ်” ပြောပါတယ်။
လုပ်ငန်းခွင်အတွင်း မြန်မာအလုပ်သမား သေဆုံးခဲ့ပြီးနောက် အလုပ်သမားတွေ ဘေးကင်းရေးအတွက် အမြန်ရထားလိုင်း ဆောက်လုပ်ရေးလုပ်ငန်းကို ယာယီ ရပ်ဆိုင်းထားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
စင်ကာပူနိုင်ငံရဲ့ သတ္တမမြောက် အမြန်မီးရထားလိုင်းဖြစ်တဲ့ ဂျူရောင်ဒေသက အမြန်မီးရထားလိုင်းဟာ ၂၄ ကီလိုမီတာအရှည်နဲ့ ဘူတာ ၂၄ ခုပါပြီး ၂၀၂၉ ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။