မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာနဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်တပ်စွဲနေတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရပ်မှာ ပြန်မနေထိုင်ရဲသေးဘူးလို့ သိရပါတယ်။
ဒီဇင်ဘာ ၂၉ ရက်နေ့က ချောင်းနှစ်ခွကျေးရွာနဲ့ အနီးတဝိုက်ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားရာက ပြန်လည်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်တွေက ပြန်လည်ဝင်ရောက်ပြီး တပ်စွဲနေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “နေအိမ်ပြန်လို့မရသေးဘူး။ အခုတပ်က ထိုင်ထားတယ်။ ရွာမှာ ဒေသခံတွေ တယောက်မှမရှိဘူး။ ချောင်းနှစ်ခွဘက် ရွာတွေက မပြန်နိုင်သေးဘူး။ တိုက်ပွဲတော့ မရှိတော့ဘူး၊ ငြိမ်နေတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ နှစ်ဖက်တိုက်ပွဲငြိမ်နေတာကြောင့် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာနဲ့ဝေးတဲ့ လှကဇိုင်းကျေးရွာနဲ့ ကျေးရွာတချို့က စစ်ရှောင်အနည်းငယ်လောက်ပဲ နေရပ်ပြန်သူ ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ကျမတို့ ပြန်နိုင်ပြီး။ ပြန်တာ မကြာသေးဘူး ၂ ရက်ပဲ ရှိသေးတယ်။ တိုက်ပွဲဖြစ်ရင် ထပြေးနိုင်အောင် အခြေအနေတော့ သတိစောင့်ကြည့်ရနေရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က ချောင်းနှစ်ခွကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့လေကြောင်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ချောင်းနှစ်ခွ၊ တောင်ကလေး၊ လှကဇိုင်း၊ မရမ်းကုန်း၊ မယ်တယိုစတဲ့ ကျေးရွာ ၂၀ ကျော်က သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ ဘုန်းကြီးကျောင်း၊ ဆွေမျိုးနီးစပ်ရာဆီ ခိုလှုံနေရပြီး စစ်ရှောင်ကာလ ၂ လနီးပါး ကြာမြင့်လာတာကြောင့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ ဒေသေခံတွေက ပြောပါတယ်။