လက်ဘနွန်နိုင်ငံရဲ့ မြို့တော် ဘေရွတ်မြို့ဆင်ခြေဖုံးက ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်အကြီး အကဲကို သတ်ဖြတ်မှုကို အင်အားကြီး လက်ဘနွန်လက်နက်ကိုင်အဖွဲ့က မတုံ့ပြန်ရင် အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို လက်ဘနွန်က ပိုပြီး မကာကွယ်နိုင်ဘဲ ဖြစ်လိမ့်မယ်လို့ ဟစ်ဇ်ဘိုလာအဖွဲ့ အကြီးအကဲ ဟတ်ဆန် နတ်စ်ရာလာက ဇန်နဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ဆာလေး အယ်လ် အရူရီဟာ ဇန်နဝါရီ ၂ ရက်က ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးမှာ ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး ဟစ်ဇ်ဘိုလာအဖွဲ့ဟာ သူတို့ရဲ့ အမာခံ နယ်မြေတွေကို တိုက်ခိုက် တာကို ခုခံနိုင်စွမ်း အားနည်းတဲ့ သတင်းစကားအဖြစ် လေ့လာသူတချို့က ရှုမြင်ခဲ့ ပါတယ်။
ဒီအဆင့် ချိုးဖောက်မှုအတွက် နှုတ်ဆိတ်နေလို့ မရဘူးလို့ ဟဇ်ဘိုလာအကြီးအကဲ ဟတ်ဆန် နတ်စ်ရာလာက သူ့အဖွဲ့ကို ရုပ်သံမိန့်ခွန်းကနေ တဆင့် ပြောပါတယ်။
ဒီဟာက လက်ဘနွန်မှာ မြို့တွေ၊ ရွာတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေအားလုံး ကာကွယ် နိုင်စွမ်းမရှိ ဟာလာဟင်းလင်း ဖြစ်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလို့လည်း သူက ပြောပါတယ်။
အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်သေနတ်သမားတွေက တိုက်ခိုက်ပြီးတဲ့နောက် တရက်အကြာ အောက်တိုဘာ ၈ ရက်မှာ ဟစ်ဇ်ဘိုလာက အစ္စရေးကို နယ်စပ်ဖြတ်ကျော်ပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာတွေက အဲဒီအချိန်ကစပြီး လက်ဘနွန်-အစ္စရေးနယ်စပ်မှာ စစ်ဆင်ရေးပေါင်း အကြိမ် ၆၇၀ လောက် လုပ်ခဲ့ပြီး အစ္စရေး စစ်ယာဉ်တွေနဲ့ တင့်ကားအများအပြားကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဟတ်ဆန် နတ်စ်ရာလာက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်က သူ့ရဲ့ စစ်ရေး ရည်မှန်းချက်တွေ အောင်မြင်ရင် လက်ဘနွန်ဘက် လှည့်သွားမှာလို့လည်း သူက ပြောပါတယ်။
အစ္စရေးက လက်ဘနွန်ကို စစ်ပွဲဆင်နွှဲဖို့ ရွေးမယ်ဆိုရင် သူ့အဖွဲ့က တိုက်ဖို့ စည်းမျဉ်းနဲ့ အကန့်အသတ် မရှိ ဖြစ်သွား လိမ့်မယ်လို့ ပြောရင်း စစ်ပွဲကို မချဲ့ဖို့ အစ္စရေးကို ဇန်နဝါရီ ၃ ရက်က သတိပေးခဲ့ပါတယ်။
“ငါတို့နဲ့ စစ်ဖြစ်မယ်လို့ တွေးရင် စကားလုံး တလုံးတည်းပြောမယ်၊ နောင်တရလိမ့်မယ်” လို့လည်း နတ်စ်ရာလာက ပြောဆိုခဲ့ပါတယ်။
Source/Photo - Reuters