ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီကနေ့ ဇန်နဝါရီ ၆ ရက် မနက် ၁၁ နာရီကျော်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗုံးပေါက်ကွဲလို့ လူထိခိုက်မှု တစုံတရာမရှိခဲ့ပေမယ့် ယာဉ်တချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စမ်းချောင်းမြို့နယ်နေသူတယောက်က ပြောပါတယ်။
“ဗုံးပေါက်သံကြားပြီး သိပ်မကြာဘူး ရဲတွေနဲ့ စစ်သားတွေ ရောက်လာပြီးစစ်နေကြတယ်။ လူထိတာတော့ မကြားဘူး။ ဆိုင်ကယ် ၂ စီးနဲ့ ရုံးနားရပ်ထားတဲ့ ကားတော့ ပျက်စီးသွားတာ တွေ့တယ်။ အခုထိ ဗားကရာလမ်းတလျှောက် စစ်ကားတွေနဲ့ ကင်းလှည့်နေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီ ၇ ရက်နေ့ မနက်ပိုင်းကလည်း စမ်းချောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲခဲ့လို့ လူထိခိုက်ခဲ့တယ်လို့ သိရပါတယ်။