ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇန်နဝါရီ ၆ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ဝှေခါကျေးရွာက စစ်ကောင်စီတပ်စခန်းနဲ့ နန့်တိန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်(KIA)နဲ့ ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။
ဝှေခါရွာ ဒေသခံတယောက်က “စစ်တပ်စခန်းကို လာပစ်တာ။ မနက် ၅ နာရီ လောက်ကတည်းက။ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပြီး တိုက်ပွဲဖြစ်တယ်။ စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတာ ၂ ကြိမ်ရှိပြီ။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတာ မနည်းဘူး။ နှစ်ဖက် အထိအခိုက်တော့ မသိရသေးဘူး။ တချို့တွေလည်း ဘေးလွတ်ရာ ရှောင်နေကြပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လေယာဉ်တစင်းနဲ့ ဗုံး ၂ ကြိမ် လာကြဲပြီး ဖားကန့် စစ်ဗျူဟာကုန်းကနေ ဝှေခါကျေးရွာနဲ့ နန့်တိန်းကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နန့်တိန်းရွာ ဒေသခံတယောက်က “စစ်တပ်စခန်းကို မနက်က လာပစ်တာ။ နေ့လယ် ၁၂ နာရီလောက်ကတော့ ခဏနားသွားတယ်။ လေယာဉ်နဲ့လည်း ပစ်တယ်။ ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ တောက်လျှောက်ကိုပစ်နေတာ။ အချက်ရေ မနည်းဘူး။ တချို့တွေလည်း ရှောင်နေကြပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဖားကန့်-နန့်ယားလမ်းကို ဖြတ်သန်းခွင့်ယာယီ ပိတ်ထားခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။