မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာနားမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ ဒီနေ့ တိုက်ပွဲဖြစ်လို့ တပ်ကြပ်ကြီး ၁ ယောက် သေဆုံးပြီး ရွာသား ၂ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၆ ရက် မနက်မှာ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ကျိုက်တဲမုခ်ဝမှာ ကင်းပုန်းလာဝပ်တဲ့အချိန် တော်လှန်ရေးအင်အားစုတွေနဲ့ အပြန်အလှန် ထိတွေ့မှုဖြစ်ပွားလို့ နာရေးကား ၄ စီးနဲ့ လာသယ်သွားတယ်လို့ ဒေသခံဆီက သိရပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲအနီးမှာရှိတဲ့ အဆောင်က လင်မယား ၂ ယောက်ထိတာ။ အမျိုးသားခေါင်းထိလို့ စိုးရိမ်ရတယ်။ သူ့မိန်းမက လက်ထိသွားတယ်။ အဆောင်(အထပ်သားစက်ရုံက အလုပ်သမားတွေ နေတဲ့) နေရာမှာ စစ်ကောင်စီ တပ်တွေက သူတို့(တော်လှန်ရေးအင်အားစု)လာတာ မသိရ ကောင်းလားဆိုပြီး ရိုက်နှက်တာတွေ ရှိတယ်ကြားတယ်။ အမျိုးသမီးတွေ ဒူးထောက်တောင်းပန် ရသေးတယ်လို့ လည်းကြားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကျိုက်တဲမုခ်ဝမှာ ကင်းပုန်းလာဝပ်နေကြလို့ တော်လှန်ရေးအင်အားစုက ပြောပါတယ်။
တော်လှန်ရေးအင်အားစုနဲ့နီးစပ်သူတယောက်က “ကိုယ့်ဘက်က တယောက် လက်မောင်းထိတယ်။ မစိုးရိမ်ရဘူး။ ဟိုဘက်ခြမ်းကတော့ တပ်ကြပ်ကြီးတယောက် ထိတာ သေချာတယ်။ ၃ ယောက်၊ ၅ ယောက် လောက်တော့ ထိတယ်။ နာရေးကား ၄ စီးနဲ့ ဆေးရုံသွားတယ်။ ရွာသား ၂ ယောက်ထိတယ်လည်း ကြားတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘေ ၃၀ ရက်နေ့ကလည်း ဘီးလင်းမြို့မှာ စစ်ကောင်စီတပ်ရဲ့ကားက လက်နက်ငယ် ပစ်ခတ်လို့ အသက် ၁၄ နှစ်အရွယ် ကလေးတယောက် သေဆုံးခဲ့ပါသေးတယ်။