Home
နိုင်ငံတကာ
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ဆေးရုံတက်ခဲ့ရဟု ပင်တဂွန် ထုတ်ပြန်
DVB
·
January 7, 2024
U.S. Secretary of Defense Lloyd Austin visits NAVCENT in Bahrain

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ ခွဲစိတ်မှုခံယူပြီးတဲ့နောက်  နောက်ဆက်တွဲ ရောဂါအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့က ဝါရှင်တန်ဒီစီမှာရှိတဲ့ ဆေးရုံတစ်ရုံမှာ တက်ရောက်ကုသခဲ့ရကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့ညနေပိုင်းမှာ ဝေါ်လ်တာရိဒ်  စစ်ဆေးရုံမှာတင်ခဲ့ရတာ ဖြစ်တယ်လို့ ပင်တဂွန်ပြန်ကြားရေးအတွင်းဝန် ဗိုလ်မှူးချုပ်ပတ်ရိုက်ဒါက ပြောပါတယ်။

၅ ရက်နေ့ ဆေးရုံကဆင်းအပြီးမှာတော့ တာဝန်တွေ အပြည့်အဝပြန်လည်ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပင်တဂွန် ပြန်ကြားရေးအတွင်းဝန် ဗိုလ်ချုပ် ပတ်ရိုက်ဒါက ပြောပါတယ်။

ဘာဖြစ်လို့ ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့တယ် ဆိုတာရယ်၊ ခွဲပြီးနောက် ဘာကြောင့် ဆေးရုံတက်လိုက်ရတယ် ဆိုတာကို ပင်တဂွန်ဘက်က အသေးစိတ်မထုတ်ပြန်ပါဘူး။

တနင်္လာနေ့ကတည်းက ဆေးရုံတက်နေရတဲ့ ဝန်ကြီးအကြောင်းကို သောကြာနေ့ကျမှ မီဒီယာကို အသိပေးတာ ဝေဖန်စရာဖြစ်ခဲ့ရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန သတင်းတွေကို အဓိက တင်ဆက်ကြရတဲ့ သတင်းထောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပင်တဂွန်သတင်းထောက်များအသင်း  (PPA) က ဒီကိစ္စနဲ့ပတ်သက်ပြီး စာတစောင် ပေးပို့ကန့်ကွက်ထားပါတယ်။

အမေရိကန်အစိုးရအဖွဲ့ဝင်တစ်ဦး ဆေးရုံတက်ရတာ၊ မေ့ဆေးပေးရတာ၊ ဆေးကုသမှု လုပ်ငန်းစဉ်အရ တာဝန်တွေကို လက်လွှဲပေးထားရတာတွေဟာ အများပြည်သူ သိသင့်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်လို့ စာမှာ ဖော်ပြထားပါတယ်။

သမ္မတအဆင့်အထိ ဒီလိုအသိပေးရတာဖြစ်တဲ့အတွက် နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးအော်စတင်ဟာ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်တယ်ဆိုပြီး ဖုံးကွယ်ထားပိုင်ခွင့် မရှိဘူးလို့လည်း ထောက်ပြထားပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024